အစိုးရနှင့်ကရင်နီ တိုက်ပွဲများကြောင့် ရွာသားများအား ထိခိုက်မှုရှိနေ

အစိုးရနှင့်ကရင်နီ တိုက်ပွဲများကြောင့် ရွာသားများအား ထိခိုက်မှုရှိနေ
by -
ကန္တာရဝတီတိုင်း(မ်)

ယခု ဇန်နဝါရီလ ၁ ရက်နေ့မှ ယနေ့အထိ အစိုးရတပ်နဲ့ ကရင်နီတပ်တွေအကြား တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေပြီး ရွာသားတွေပါ ထိခိုက်သေဆုံးမှုတွေရှိနေတယ်လို့ သတင်းရရှိထားပါတယ်။

ပြီးခဲ့တဲ့ ၁၀ ရက်နေ့မှာ ဖာဆောင်းမြို့နယ် စလောင်းခီးရွာနားတွင် နယ်မြေရှင်းလင်းတဲ့ ခလရ ၁၃၅ စစ်ကြောင်းနဲ့ ကရင်နီပြည်တပ်မတော်က တပ်ရင်း ၁ တပ်ဖွဲ့နဲ့ တွေ့ဆုံတိုက်ခိုက်ခဲ့ရာမှာ အစိုးရစစ်တပ်က ပစ်လိုက်တဲ့ လက်နက်ကြီးကြောင့် ရွာသားတဦး ဒဏ်ရာရရှိပြီး ကရင်နီပြည် တပ်မတော်မှ ရဲဘော်တဦး ဒဏ်ရာရရှိသွားပါတယ်။

“ရွာသားက သူ့ဟာသူ လျှောက်ရှာစားတယ်ထင်တယ်။ လက်နက်ကြီးပစ်တော့ လက်နက်ကြီးအစ ထိသွားတယ်လေ” လို့ ကရင်နီ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဘီထူးက ပြောသည်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၁ ရက်နေ့ကလည်း ဖာဆောင်းမြို့နယ် မော်ချီးဒေသရှိ လိုခါးလိုရွာမှာ အစိုးရစစ်တပ်တို့နဲ့ ကရင်နီပြည်တပ်မတော်တို့ ပစ်ခတ်ကြရာ ဒေသခံ ရွာသားနှစ်ဦးအားထိခိုက်ပြီး သေဆုံးသွားတယ်လို့ ဆိုပါတယ်။

“ဒီဖက်က ရန်သူကို လိုက်ရှာပြီးတိုက်ရတာကိုး။ ရန်သူကလည်း အပြင်မထွက်ဘူး။ အဲဒါနဲ့ သူတို့ လိုခါးလိုအထိ သူတို့ဝင်တယ်။ ၀င်တော့ ဘော်လီဘောပွဲမှာ ရန်သူပုတ်နေတာတွေ့တယ်။ အဲဒါရွာသားတွေကလည်း လာကြည့်တော့ အဲမှာအဝေးကနေပဲ လှမ်းပစ်ပါတယ်။ သူတို့လည်း တချို့ထိပြီး ရွာသားကတော့ ခုန ကြားတာ တယောက်ပဲ။ ဒါပေမယ့် နှစ်ယောက်လည်းဖြစ်နိုင်ပါတယ်။ ဘော်လုံးပွဲထဲမှာဆိုတော့ ထိမှာပဲ” လို့ ကရင်နီသတင်းနဲ့ ပြန်ကြားရေးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ခူဒယ်နီယာက ပြောပါတယ်။

ယခုလ ၁၂ ရက်နေ့အချိန်တွင် ရှားတောမြောက်ဘက်ခြမ်း၊ သီရိဒါးရွာအနားတွင် အစိုးရစစ်တပ် ခြေလျင်တပ်ရင်း ခလရ ၂၉၅ နဲ့ နယ်ခြားစောင့်တပ် BGF စစ်ကြောင်းတို့မှ နယ်မြေရှင်းလင်းရန် ချီတက်လာချိန် ကရင်နီ တပ်ဖွဲ့တဖွဲ့နဲ့ တိုက်ပွဲ ဖြစ်ပွားခဲ့တယ်။

“သူတို့ နယ်မြေတွေ ရှင်းလင်းတယ်။ ရှင်းတော့ ခလရ ၂၉၅က သီရိဒါးရွာနားမှာလေ။ ရှားတောမြောက်ပိုင်းမှာ အဲဒီမှာ ကျနော်တို့ တပ်ဖွဲ့ တဖွဲ့နဲ့ တွေ့ဆုံတိုက်ပွဲဖြစ်တာပေါ့ကွာ။ သုံးနာရီလောက်ကြာမယ်ထင်တယ်” လို့ ဗိုလ်ချုပ်ဘီထူးက ပြောပါတယ်။

တိုက်ပွဲမှာ အစိုးရစစ်တပ်မှ ဗိုလ်တဦးနဲ့ တပ်သား ရ ဦး သေဆုံးပြီး၊ အကြပ်တပ်သား ၄ ဦးဒဏ်ရာရသွားပါတယ်။

ကရင်နီအမျိုးသား တိုးတက်ရေးပါတီနဲ့ အစိုးရတို့အကြား ယခုလက်ရှိအခြေအနေမှာ အပစ်ခတ်ရပ်စဲရေး ဆွေးနွေးမှုများအတွက် နှစ်ဦးနှစ်ဘက် ကြိုးပမ်းနေတဲ့အချိန်ကာလဖြစ်ပေမယ့် မည်သည့် သဘောတူညီမှုမျှ မရှိကြသေးတဲ့အတွက် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေခြင်းဖြစ်တယ်လို့ ကရင်နီအမျိုးသား တိုးတက်ရေးပါတီက ပြောတယ်။

“ဘာသဘောတူညီမှုမှ မရှိသေးဘူးဆိုတော့ တိုက်ပွဲကတော့ ပုံမှန်ဖြစ်နေမြဲအတိုင်း တပ်တွေ သွားလာလှုပ်ရှားနေရင်တော့ တွေ့ကြဆုံကြ ပစ်ကြမှာပဲ။ ဒါကတော့ စစ်ရဲ့ သဘောသဘာဝပဲလေ။ သဘောတူညီမှုရဖို့အတွက် တွေ့ကြပြီ ပြောကြပြီ၊ တကယ့် နှစ်ဖက်သဘောတူနိုင်တဲ့ အခြေအနေရောက်ပြီ ၊ သဘောတူဖို့လည်း ဆုံးဖြတ်ကြပြီဆိုတဲ့ ခါကျမှ တိုက်ပွဲရပ်နိုင်လည်းရပ်မယ်။ တကယ်လို့များ အခြေအနေမျိုး မရောက်သေးဘူးဆိုရင် တိုက်ပွဲကတော့ ဖြစ်နေမှာပဲလေ” လို့ KNPP မှ အတွင်းရေးမှူး ၁ ခူဦးရယ်က ပြောပါတယ်။

ယခုလ ရ ရက်နေ့မှာလည်း ဖာဆောင်းနဲ့ ထူးချပ်အကြား ကရင်နီပြည်တပ်မတော်မှ တပ်ရင်း ၁ နဲ့ အစိုးရစစ်တပ်က ခလရ ၁၃၅ တို့ တွေ့ဆုံတိုက်ပွဲဖြစ်ပွားရာ အစိုးရစစ်တပ်က တဦးကျဆုံးပြီး ၂ ဦး ဒဏ်ရာရရှိပါတယ်။

နှစ်သစ်ကူးပြီးနှစ်ပတ်အတွင်းမှာပဲ ကရင်နီပြည်တပ်မတော်နဲ့ အစိုးရစစ်တပ်တို့အကြား တိုက်ပွဲ ရကြိမ်ဖြစ်ပွားပြီး ယခုနှစ် ၁၊ ၂၊ ၅၊ ၆ ရက်နေ့တွင်လည်း တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

Most read this week