အစိုးရတပ်နှင့် ကရင်နီတပ်အကြား ရင်ဆိုင်တိုက်ပွဲများထပ်မံဖြစ်ပွား

အစိုးရတပ်နှင့် ကရင်နီတပ်အကြား ရင်ဆိုင်တိုက်ပွဲများထပ်မံဖြစ်ပွား
by -
ကန္တရဝတီ

ကရင်နီပြည် ရှားတောမြို့နယ် သံလွင်အရှေ့ဖက်ကမ်း တာတမောစခန်းအောက်ဖက်ရှိ မယ်စတယ် နယ်မြေအတွင်း ကရင်နီတပ်မတော်နှင့် အစိုးရစစ်တပ်တို့အကြား ယခုလ ၅ ရက်နေ့တွင် ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့ရာ အစိုးရစစ်တပ်မှ ၄ ဦး ကျဆုံးပြီး ၃ ဦး ဒဏ်ရာရရှိသည်ဟု သိရသည်။

အစိုးရစစ်တပ်၏ ခြေမြန်တပ်ရင်း ခမရ ၄၂၈ မှ တပ်ဖွဲ့တဖွဲ့သည် နယ်မြေရှင်းလင်းရေး လှုပ်ရှားနေစဉ်အတွင်း ကရင်နီပြည်တပ်မတော်မှ တပ်ဖွဲ့တဖွဲ့နှင့် ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကာ တိုက်ပွဲမှာ နာရီဝက်ခန့်ကြာမြင့်ခဲ့ပြီး အစိုးရထံမှ MA1 ၂လက် ၊ ကျည်ကပ် ၄ချပ်၊ ကျည်ထောင့် ၆၀ သိမ်းဆည်းရသည်ဟု ကရင်နီပြည်တပ်မတော်ဘက်က ဆိုသည်။

အဆိုပါတိုက်ပွဲအပြီး ကရင်နီပြည် တပ်မတော်မှ ဗိုလ်မှူး ဘုန်းနိုင်က ယခုလိုပြောပါသည်။

“ကျနော်တို့တော့ ကိုယ့်နယ်မြေကို ကာကွယ်ဖို့တော့ တိုက်ပွဲတော့ ရှိရမယ်လေ။ အခွင့်အရေး အခါခွင့်ပေးတာ သင့်ရင်သင့်သလို လုပ်သွားမှာပဲလေ”

ဇန်နဝါရီလ ၆ ရက်နေ့ နံနက် ရ နာရီခွဲအချိန်တွင်လည်း ဟွေပူးလောင်းဂွင်တွင် လှုပ်ရှားနေသည့် အစိုးရစစ်တပ်မှ ခြေမြန်တပ်ရင်း-ခမရ ၅၂၈ စစ်ကြောင်းနှင့် ကရင်နီပြည်တပ်မတော်မှ တပ်ဖွဲ့တဖွဲ့တို့ တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ရာ အစိုးရစစ်တပ်မှ တဦးဒဏ်ရာရရှိသွားသည်ဟု ဆိုသည်။

ထိုတိုက်ပွဲအတွင်းတွင် ကရင်နီပြည် တပ်မတော်မှ အစုံတရာ ထိခိုက်ဒဏ်ရာရရှိခြင်း မရှိကြောင်း ကရင်နီပြည် တပ်မတော်က ပြောသည်။

“အခုကတော့ မော်ချီးဂွင်မှာ ဖြစ်တယ်။ ရှားတောဂွင်မှာ ဖြစ်တယ်။ ဟွေပုန်လောင်းမှာ ဖြစ်တယ်။ ဆက်လည်း ဖြစ်မလား မဖြစ်ဘူးလား မပြောနိုင်ဘူး” ဟု ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP မှ အတွင်းရေးမှူး-၁ ခူဦးရယ်က ပြောသည်။

ယခုနှစ် နှစ်သစ်ကူးပြီးနောက်ပိုင်း ကရင်နီပြည်အတွင်း ကရင်နီပြည်တပ်မတော်နှင့် အစိုးရ စစ်တပ်တို့အကြား တိုက်ပွဲများ ဆက်တိုက်ပိုမိုဖြစ်ပွားလာနေသည်။ နှစ်သစ်ကူး ၁ ရက်နေ့နှင့် ၂ ရက်နေ့တွင်လည်း ကရင်နီပြည်တပ်မတော်နှင့် အစိုးရစစ်တပ်တို့ တိုက်ပွဲများဖြစ်ပွားခဲ့ရာ အစိုးရစစ်တပ်မှ ၄ ဦး ကျဆုံးပြီး ၈ ဦး ဒဏ်ရာရရှိခဲ့သည်။

Most read this week