အဓ္ဓမ ပြုကျင့်သူအား လက်ငြိုး မထိုးနိုင်ဟု စစ်တပ်ဘက်ကဆို

အဓ္ဓမ ပြုကျင့်သူအား လက်ငြိုး မထိုးနိုင်ဟု စစ်တပ်ဘက်ကဆို
by -
ကန္တာရဝတီ

၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ရ ရက်နေ့က ကရင်နီပြည် ရှားတောမြို့နယ် ဒေါ၀ယ်ရောကျေးရွာနှင့် ရှမ်း-ကရင်နီနယ်စပ် လမ်းကြား တနေရာတွင် အမျိုးသမီး တဦးအား စစ်တပ်မှ အဓ္ဓမ ပြု့ကျင့်ခဲ့ပြီး ပြုကျင့်သူအား လက်ငြိုးထိုးပြရန် တပ်အရာရှိများမှ တောင်းဆိုခဲ့သော်လည်း ခံရသူက မပြနိုင်ကြောင်း သိရသည်။

ရှားတောမြို့နယ်မှ ကျေးရွာ တရွာ (ဓါတ်ပုံ-ကေတီ)
“ပြုကျင့်ခံရသူနဲ့အတူ ရွာလူကြီးနဲ့ ရပ်မိရပ်ဖတို့ကအဲဒီတပ်စခန်းကို သွားတိုင်ကြားပါတယ်။ ဘယ်တပ်မတော်က ပြုကျင့်လဲ ဆိုတာကို လက်ငြိုး ထိုးပြနိုင်ရမယ်လို့ တပ်ရင်းမှူးက စိန်ခေါ်လိုက်တဲ့ အခါမှာ ပြုကျင့်ခံရသူက မမှတ်မိဘူးတဲ့။ ပြုကျင့်သူက စစ်တပ် ဖြစ်တယ်ဆိုတာ သေချာပါတယ်တဲ့။ ဒါပေမဲ့ သူမကို အတင်းအဓ္ဓမ ပြု့ကျင့်စဉ်က မျက်နှာဖုံးထားတယ်လို့ ဆိုပါတယ်” ဟု ရပ်မိရပ်ဖတို့နှင့် နီးစပ်သူ တဦးက ပြောပါသည်။

ပြုကျင့်ခံရသူ အသက် ၄၀ အရွယ် မော်စိုးမယ် (နာမည်အရင်း မဟုတ်)နှင့်အတူ ဒေါ၀ယ်ရော ရွာသူကြီးနှင့် ရပ်မိရပ်ဖတို့သည် ပြစ်မှုကျူးလွတ်သူအား အရေးယူနိုင်ရန် ဒီဇင်ဘာလ ၁၂ ရက်နေ့က ရှားတောမြို့နယ် ထင်းရူးတောင် အခြေစိုက် ခမရ ၅၇၅ တပ်စခန်းသို့ သွားရောက်ခဲ့ခြင်း ဖြစ်သည်။

“ပြု့ကျင့်ခံရတဲ့ သူက တရားခံကို လက်ငြိုးထိုးပြလို့ မရမချင်း တရားခံကို အရေးယူလို့ မရဘူးလို့ စစ်တပ် ဘက်က ပြောပါတယ်” ဟု ရှားတောမြို့နယ်မှ ဒေသခံ တဦးက ပြောပါသည်။

ပြု့ကျင့်ခြင်း ခံရသူအတွက် တရားမျှတမှု ရရှိစေရန် ကယားပြည်နယ်ဝန်ကြီးချုပ်ထံ တိုင်ကြားစာ ပို့ဆောင်ထားသည်ဟု သိရသည်။ သက်သေအထောက်အထား မခိုင်လုံသည့် ထိုအမှု မကြီးထွားလာဖို့ လိုအပ်သည်ဟု ကယားပြည်နယ်ဝန်ကြီး အသိုင်းအဝိုင်းမှ လာသည့် သတင်းအရ သိရသည်။

“ဒေါ၀ယ်ရောရွာက အဖြစ်အပျက်ကို ပြည်နယ် ၀န်ကြီးချုပ် ဦးခင်မောင်ဦးကို အသိပေးကြပါတယ်။ ဒါပေမဲ့ သူဘာမှ မလုပ်ဘူး။ ကယားပြည်နယ်က တခြားဝန်ကြီးတွေ၊ ဒေသအာဏာပိုင်တွေလည်း အားလုံးလိုလို သိထားကြပါပြီ။ ဒါပေမဲ့ သူတို့ တိပ်တိပ်ကလေးပဲ နေတယ်။ ဘာမှ ဆက်လုပ်တာ မတွေ့ဘူး” ဟု ၀န်ကြီးများနှင့် နီးစပ်သူ တဦးက ပြောသည်။

Most read this week