လွိုင်ကော် ရဲစခန်း၌ ဗုံးပေါက်ကွဲ၍ လူတဦး သေဆုံး

လွိုင်ကော် ရဲစခန်း၌ ဗုံးပေါက်ကွဲ၍ လူတဦး သေဆုံး
by -
နှောင်းလှိုင်
ကရင်နီပြည် လွိုင်ကော်မြို့ (သီရိဒေါ) နာရီစင်အောက်မှ ရဲစခန်းတွင် ယနေ့နံနက် ၁၀ နာရီခွဲ အချိန်၌ ဗုံးတလုံး ပေါက်ကွဲ၍ လူတဦး သေဆုံးသွားခဲ့သည်ဟု မြို့ခံတဦးက....

ကရင်နီပြည် လွိုင်ကော်မြို့ (သီရိဒေါ) နာရီစင်အောက်မှ ရဲစခန်းတွင် ယနေ့နံနက် ၁၀ နာရီခွဲ အချိန်၌ ဗုံးတလုံး ပေါက်ကွဲ၍ လူတဦး သေဆုံးသွားခဲ့သည်ဟု မြို့ခံတဦးက ပြောသည်။

တောင်စျေးထဲ၌ ဗုံးထောင်ရန် ကြိုးစားနေသူ လူ ၂ ဦးကို ရဲများက ရိပ်မိသွား၍ ဖမ်းဆီးရမိကာ ရဲစခန်းသို့ ခေါ်ဆောင်သွားပြီး၊ ဖမ်းမိသော ထိုလူနှစ်ဦးအနက် တဦးမှာ ၎င်းနှင့်အတူ ဗုံးတလုံး ပါလာသေးသောကြောင့် ရဲစခန်း၌ ပေါက်ကွဲပြီး သေဆုံးသွားခဲ့ခြင်း ဖြစ်သည်။

“လွိုင်ကော်မှာ တခါမှ မဖြစ်ဖူးဘူး။ စောစောက နေ့လည် ၁၀း၃၀ လောက်မှာ လူနှစ်ယောက်ကို တောင်စျေးထဲမှာ မိုင်းထောင်ဖို့ လုပ်နေတော့ ရဲတွေက မိသွားတယ်။ အဲဒါ အဲဒီလူကို ရဲစခန်းခေါ်သွားတော့ သူ့ဆီမှာ ဗုံးတလုံး ပါသေးတော့ ရဲစခန်းမှာ ကွဲသွားတယ်တဲ့။ ဘယ်နှစ်ယောက် သေလဲတော့ မသိဘူး” ဟု လွိုင်ကော်မြို့ခံက ပြောသည်။

ဗုံးပေါက်ကွဲမှုကြောင့် ၎င်းနှင့်အတူ ပါလာသော ဗုံးပိုင်ရှင်တဦးမှာ သေဆုံးသွားသော်လည်း သူ့အဖော်တဦးက ပြန်လည်ထွက်ပြေးလွတ်မြောက်ကြောင်း၊ အခြားသူများ မည်မျှ ထိခိုက်ဒဏ်ရာ ရရှိသည်ကို အတိအကျ မသိရှိရသေးကြောင်း ဆိုသည်။

လွိုင်ကော်မြို့ခံတဦးက “တစ်ယောက်က သေသွားတယ်။ တစ်ယောက်က လွတ်သွားတယ်လို့ ပြောတယ်။ အခုထိ သွားတာက ရဲတွေပဲ။ ရဲစခန်းမှာဆိုတော့ ဘယ်နှစ်ယောက်လဲ မသိသေးဘူး” ဟု ပြောပါသည်။

ဗုံးပေါက်ကွဲပြီးနောက် အခင်း ဖြစ်ပွားသည့် လွိုင်ကော်မြို့ ရဲစခန်းသည် ယခုလောလောဆယ်တွင် ယာယီပိတ်ထားကြောင်း မြို့ခံများ ပြောပြချက်အရ သိရသည်။

Most read this week