ကရင်နီပြည်တွင် စစ်အစိုးရမှ ချုပ်ကိုင်ထားသည့် လမ်းဖြတ်ခွန်နှင့် ဘီးခွန် လုပ်ငန်းများကို ပုဂ္ဂလိက စီးပွားရေးသမားများအား လေလံ တင်ရောင်းချမည်ဟု လွိုင်ကော်မြို့တွင် ထွက်ပေါ်နေသည့် သတင်းများအရ သိရသည်။
လမ်းဖြတ်ခွန်နှင့် ဘီးခွန်များကို ကရင်နီပြည်ရှိ ပြည်သူများ နေ့စဉ်နှင့်အမျှ မဖြစ်မနေ ပေးဆောင်ရသောကြောင့် နေ့စဉ် စားဝတ်နေရေး အခြေအနေကို ထိခိုက်စေပြီး ထိုအကျိုးဆက်သည် ပြည်သူများမှ စစ်တပ်အပေါ် ဝေဖန်ရှုံ့ချမှုနှင့် မုန်းတီးမှုများ ဖြစ်ပေါ်စေသည့်အတွက် ထိုလုပ်ငန်းများအား ယခုလို ပုဂ္ဂလိက စျေးကွက်ထဲသို့ လွဲပြောင်းရောင်းချမည် ဆိုသည့်အကြောင်း ထွက်ပေါ်နေခြင်း ဖြစ်နိုင်သည်ဟု လွိုင်ကော်မြို့(သီရိဒေါ)မှ ဒေသခံများက ပြောပါသည်။
“ကယားပြည်နယ်မှာပေါ့လေ။ စစပြီး ခရီးသွားမယ်ဆိုရင် ဂိတ်တွေ ရောက်တိုင်း အခွန်ကောက်တွေက ပေးနေရတယ်လေ။ အဲဒီဂိတ်တွေ ကောက်တာလည်း တနေ့နဲ့ တနေ့ မတူဘူး။ အမြဲ ပြောင်းနေတယ်။ လိုင်စင်ရတဲ့ သူတွေက ပေးနေရတယ်လေ လွိုင်ကော် လေးမိုင်းရွာ စစ်တပ်ဂိတ်က ပိုဆိုးပါတယ်” ဟု လွိုင်ကော်မှ သက္ကသိုလ် ကျောင်းသားတဦးက ပြောပါသည်။
လွိုင်ကော်မြို့မှ မိုင်၂၀ခန့်ကွာဝေးသည့် ဖရူဆိုမြို့နယ်အကြား ဘီးခွန်ကောက်ဂိတ် လေးဂိတ်ရှိပြီး စစ်တပ်ဂိတ် လေးဂိတ် ရှိသည်။
ဘီးခွန်ကောက်ခံသည့် ဂိတ်များမှ ဆိုင်ကယ်တစီးလျင် ဂိတ်ဖြတ်ခ ၂၀၀ ကျပ်၊ ထော်လော်ဂျီ တစီးလျင် ၅၀၀ ကျပ်၊ ကားတစီးလျင် ၁၀၀၀ ကျပ် အသီးသီး ကောက်ခံ ပ ါသည်။ စစ်တပ်ဂိတ်များမှာမူ သတ်မှတ်မှုများ မရှိဘဲ ကောက်ချင်သလို ကောက်သည်ဟု လွိုင်ကော်မှ ဖရူဆို သို့ ခရီးသွားလေ့ရှိသော ဆိုင်ကယ်ပိုင်ရှင်တဦးက ပြောသည်။
၎င်းက “ဖရူဆိုကနေ လွိုင်ကော်ကို မြေပဲသယ်သွားရင် တပ်ဂိတ်က တဂိတ်ကို ၁၅၀၀၊ ၄ ဂိတ် ရှိတယ်ဆိုတော့ ၆၀၀၀ပေါ့။ ဒီထဲမှာ ဘိန်းခွန်ဂိတ် ဆိုတာ မပါသေးဘူး။ ဘိန်းခွန်ဂိတ် တဂိတ်စီကို ၅၀၀ ဆိုတော့ ၂၀၀၀ ကျတယ်။ တပ်ဂိတ်က ထော်လော်ဂျီနဲ့ ကားတွေ ကျတော့ တောင်းတယ်။ ကားက ပစ္စည်းများများ တင်ရင် ၃၀၀၀ ကျပ်ပေါ့။ တပ်နဲ့ သိတဲ့ သူတွေအတွက်တော့ စျေးတမျိုးပေါ့။ မသိတဲ့ သူတွေဆိုရင် ပိုပေးရတယ်ပေါ့” ဟု ရှင်းပြသည်။
လွိုင်ကော်ခရိုင်တွင်းရှိ မိုးဗြဲဂိတ်နှင့် မိုးဗြဲ-လွိုင်ကော်လမ်းဂိတ်များအား ကယားပြည်နယ် အေးချမ်းသာယာရေးနှင့် ဖွ့ံဖြိုးရေးကောင်စီက လေလံတင်ရောင်းမည် ဖြစ်ကြောင်း Myanmar events ၀က်ဆိုဒ်တွင် ဖော်ပြထားသည်။
“လမ်းတံတား အသုံးပြုခ ကောက်ခံလျက်ရှိသော ဂိတ်စခန်းတစ်ခု၏ ၁-၄-၂၀၁၀ ရက်မှ ၃၀-၃-၂၀၁၁ ရက်အထိ လုပ်ငန်းလိုင်စင်များကို နိုင်ငံသားများအား ချိပ်ပိတ် တင်ဒါ စနစ်ဖြင့် လေလံတင်ရောင်းချမည်”ဟု ၎င်းဝက်ဆိုဒ်တွင် ရေးသားထားပါသည်။
ချိပ်ပိတ်တင်ဒါ တင်သွင်းခွင့် လျှောက်လွှာ တစောင်လျှင် ကျပ် ၅၀၀၀ဖြင့် အင်ဂျင်နီယာမှူးကြီးရုံး၊ ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း လွိုင်ကော်မြို့တွင် ၀ယ်ယူနိုင်ပြီး ၂၅၊ ၃၊ ၂၀၁၀ ရက် နောက်ဆုံးထားပြီး တင်သွင်းရန် လမ်းတံတား အသုံးပြုခွင့် လေလံတင် ရောင်းချ ရေးကော်မတီမှ ထုတ်ပြန်ကြော်ညာစာတွင် ရေးသားထားသည်။
အများပြည်သူများ သွားလာသော လမ်းပန်းများအပေါ် အခွန်ကောက်ခံနေခြင်းသည် မည်သည့် တိကျသော ဥပဒေပြဌာန်းမှုမျိုးတွင် မရှိဘဲ ပြည်သူ့စျေးကွက် စီးပွားရေး အပေါ် လိုက်လံကောက်ခံနေခြင်းကြောင့် လွိုင်ကော်နှင့် ဖယ်ခုံမြို့နေ ဒေသခံပြည်သူများ စားဝတ် နေရေးကို ထိခိုက်စေပြီး ၎င်းအကောက်အခွန်မှ ရရှိသော ငွေကြေး များလည်း လမ်းများ၊ တံတားများ ပြန်လည်ပြုပြင်ခြင်း မရှိပါဟု ကယား ပြည်နယ်ရေး လေ့လာစောင့်ကြည့်သူ ခွန်းမျိုးမင်းလတ်က ပြောပါသည်။