ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦးအဖွဲ့မှ နိုင်ငံရေးပါတီ ဖွဲ့စည်းတည်ထောင်ပြီး ၂၀၁၀ ရွေးကောက်ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင်နိုင်ရန် ကြိုးပမ်းနေသည်ဟု သိရသည်။
“စည်းရုံးရေး လုပ်ငန်းကို လုပ်နေပါတယ်။ လွိုင်ကော်မြို့နယ် အနီးတဝိုက် ရွာတွေနဲ့ ဒီးမော့ဆို အနောက်ဖက်ခြမ်း ရွာတွေကို စည်းရုံးရေး လုပ်ဆောင် ဆဲပါ” ဟု ကရင်နီပြည်အရေး နိုင်ငံရေးလေ့လာစောင့်ကြည့်သူ တဦးက ပြောပါသည်။
ကလလတအဖွဲ့သည် ပါတီ တရားဝင် မရသေးသော်လည်း ဒီးမော့ဆို၊ ဖရူဆိုနှင့် မယ်စဲ့ လွိုင်လင်ဒေသတွင် စည်းရုံးရေး ဆင်းနေပြီ ဖြစ်ပြီး ထိုစည်းရုံးရေး ခရီးတွင် ဇန်နဝါရီလ နောက်ဆုံးပတ်မှ မတ်လအထိ ၃ လကြာ နေရာဒေသအလိုက် စည်းရုံးနေမည် ဖြစ်သည်။
“ဘယ်လူထုပဲဖြစ်ဖြစ် နိုင်ငံရေးသမားပဲဖြစ်ဖြစ် သူတို့အနေနဲ့ ကရင်နီလူထုကို တကယ်တမ်း ကိုယ်စားပြုပြီးတော့ ကရင်နီလူထုအရေးကိုု လုပ်ချင်သပ ဆိုလို့ရှိရင် သူတို့ အနေနဲ့ နိုင်ငံရေးပါတီတွေ ဖွဲ့ချင်သပဆိုရင်လည်း ဖွဲ့ပိုင်ခွင့် ရှိပါတယ်။ ကျနော်တို့ အနေနဲ့ တာမြစ်ပိုင်ခွင့် မရှိဘူး။ ဒါက ကေအဲန်ပီပီ အနေနဲ့ လုပ်ရမယ် မလုပ်ရဘူးဆိုတာ ပြောပိုင်ခွင့်လည်း မရှိဘူး” ဟု ကေအဲန်ပီပီမှ အတွင်းရေးမှူး ၁ ခူဦးရယ်က ပြောပါသည်။
ထိုစည်းရုံးရေးတွင် အဝတ်အထည်များနှင့် မုန့်၊ အစားအစာများ ဝေပေးသည့်အတွက် ပြည်သူအများစုသည် နိုင်ငံရေး စိတ်မဝင်စား ကြသော်လည်း မိမိစားဝတ် နေရေးနှင့် ကလေးပညာရေး ကောင်းလျှင် ထောက်ခံမည်ဟု ပြောသံကြားရသည်ဟု ပြောပါသည်။
“ကယားပြည်နယ် ပြည်သူတွေ အနေနဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ဘာအတွေ့အကြံုမှ မရှိဘူး။ ဗဟုသုတလည်း နည်းတဲ့အပြင် လူမှုအသိုင်းအဝိုင်း တစ်ရပ် ဖြစ်နေခြင်း၊ နှစ်ပေါင်းများစွာ လက်နက်ကိုင်အုပ်စုတွေ အကြောက်တရား ကြီးစိုးလာခဲ့တဲ့အတွက် အပစ်ရပ် ပါတီတွေ ကြံ့ဖွံ့တွေရဲ့ နိုင်ငံရေး ပရိယာယ်တွေ နားလည်မှာ မဟုတ်ဘူး” ဟု ၎င်းနိုင်ငံရေး စောင့်ကြည့်သူတစ်ဦးက ဆက်လက်ပြောကြား သွားပါသည်။
အမှန်တကယ် ပြည်သူလူထုများကို အကာအကွယ်ပေးရေးထက် ၂၀၁၀ ရွေးကောက်ပွဲ နှင့်အတူ ကိုယ့်ကျိုးရှာ စီးပွားရေး အမြင်များကို လက်ခံ ကိုင်စွဲနေသူများမှ နိုင်ငံရေးပါတီ ဖြစ်လာခြင်းကြောင့် ပြည်သူများ ဘဝသည် ၂၀၁၀ ရွေးကောက်ပွဲပြီးတွင်လည်း မည့်သည့် ဖွံံ့ဖြိုးတိုးတက်မှုများ ဖြစ်လာစေမည် မဟုတ်ပါဟု ဆိုပါသည်။
“ကျနော်တို့ကတော့ ဘယ်သူပဲဖြစ်ဖြစ် နိုင်ငံရေး ပါတီဖွဲ့ပြီး ရွေးကောက်ပွဲ ၀င်ခွင့်မဝင်ခွင့် ဒါကတော့ သိပ်ပြီး အရေးကြီးလှတဲ့ ကိစ္စ လို့တော့ ကျနော်တို့ မမြင်ဘူး။ ကျနော်တို့ မြင်တဲ့ အဓိက အရေးကြီးဆုံး အချက်ကတော့ တကယ်လို့များ ရွေးကောက်ပွဲ ကျင်းပဖြစ်ခဲ့မယ် ဆိုရင် ဘယ်သူပဲ ရွေးကောက်ပွဲမှာဝင်ဝင်၊ ဘယ်သူပဲ ရွေးကောက်ပွဲမှာ အရွေးခံရခံရ ၊ အရွေး မခံရ မခံရ ၊ အရေးကြီးဆုံးကတော့ ကျနော်တို့က ၂၀၀၈ တုန်းက အခြေခံဥပဒေပဲလို့ ကျနော်တို့ အဲလိုုပြောချင်တယ်။ အဲဒီအခြေခံဥပဒေကို ကျနော်တို့ ပြန်လည်သုံးသပ်ခြင်း ပြင်ဆင်ခြင်း မလုပ်သရွေ့ကတော့ ဘယ်သူပဲ ရွေးကောက်ပွဲမှာ အောင်အောင် ကျနော် ထင်တာကတော့ လူထုအရေးကို သိပ်ပြီးတော့ ဆောင်ရွက်နိုင်ဖို့ အကြောင်းမမြင်ဘူး။ ဘာဖြစ်လဲဆိုရင် အဲအခြေခံဥပဒေက ဘယ်နိုင်ငံရေး ပါတီ အဖွဲ့အစည်းကိုမှ တစုံတရာ လုပ်ပိုင်ခွင့် ပေးထားတာ မရှိဘူးလေ” ဟု ခူဦးရယ်က ပြောပါသည်။
ပါတီဦးဆောင်သူများမှာ ဦးထွန်းကျော်နှင့် ပါတီအဓိက လှုပ်ရှားမှုတွင် အားဖြည့်ထားသော ဦးတော်ရယ် အငြိမ်းစား(အစို်းရဝန်ထမ်း ဟောင်း)၊ ဦးရှာမွေအေးလာ (ယခင် မယ့်စဲ့မြို့နယ် ပညာရေးမှူး ယခု လွိုင်ကော်မြို့နယ် ပညာရေးမှူး)၊ ဦးသိန်းအောင် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ ၀င်ဟောင်းတို့က အဓိက ပါတီကို ကိုင်တွယ်ရန် ကြိုးပမ်းနေသူများ ဖြစ်သည်။
လူအင်အား ၁၆၀၀ ၀န်းကျင်ခန့် ရှိသော ကလလတ အဖွဲ့သည် ဦးစန္ဒာနှင့် ဦးထွန်းကျော်တို့က ဦးဆောင်ပြီး ၁၉၇၈ ခုနှစ်တွင် ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (ကေအဲန်ပီပီ)မှ ခွဲထွက်ခဲ့ကာ ၁၉၉၄ ခုနှစ် မေလတွင် မြန်မာစစ်အစိုးရနှင့် အပစ်ခတ်ရပ်စဲရေး သဘောတူညီမှု ရယူခဲ့ပြီး ၂၀၀၉ခုနှစ် နိုဝင်ဘာလ (၈) ရက်တွင် နယ်ခြားစောင့်တပ်အဖြစ် ပန်းတိန်းနှင့် စွပ်ပိုင်းဒေသ၌ နယ်ခြားစောင့် တပ်ဖွဲ့ ဖွင့်လှစ်သည့် အခမ်းအနား ကျင်းပခဲ့ကြောင်း သိရပါသည်။