နယ်ခြားစောင့်တပ်လေးဦး ကရင်နီတပ်ထဲသို့ ထွက်ပြေးရောက်ရှိ

နယ်ခြားစောင့်တပ်လေးဦး ကရင်နီတပ်ထဲသို့ ထွက်ပြေးရောက်ရှိ
by -
ပါးရယ်
နယ်ခြားစောင့်တပ်အဖြစ် အသွင်ကူးပြောင်းခဲ့သော အပစ်ရပ် ကရင်နီအမျိုးသားဒီမိုကရက်တစ်ပါတီ KNDP မှ အဖွဲ့ဝင်လေးဦးတို့သည် မြန်မာစစ်အစိုးရတပ် ထိန်းချုပ်မှု အောက်၌ နေထိုင်ရာတွင် မခံနိုင်၍ ဇန်နဝါရီလ ၄ ရက်နေ့က ကရင်နီတပ်မတော်ထံသို့...

နယ်ခြားစောင့်တပ်အဖြစ် အသွင်ကူးပြောင်းခဲ့သော အပစ်ရပ် ကရင်နီအမျိုးသားဒီမိုကရက်တစ်ပါတီ KNDP မှ အဖွဲ့ဝင်လေးဦးတို့သည် မြန်မာစစ်အစိုးရတပ် ထိန်းချုပ်မှု အောက်၌ နေထိုင်ရာတွင် မခံနိုင်၍ ဇန်နဝါရီလ ၄ ရက်နေ့က ကရင်နီတပ်မတော်ထံသို့ ထွက်ပြေး ရောက်ရှိလာခဲ့ကြသည်။

KNDP ခေါ်(နဂါး)အဖွဲ့မှ တပ်ဖွဲ့ဝင် ဘဲရယ် အသက် ၁၉နှစ်၊ ခင်မိုထွေး ၂၀၊ အောင်သူအေး ၂၂နှင့် မိုနီဒါ ၂၂ တို့သည် AK-47 တလက်၊ M22 နှစ်လက်နှင့် ကျည်ဆံ အလုံးရေပေါင်း ၁၅၀ ခန့် နှင့်အတူ ရှေ့တန်းနယ်မြေ ဒေသများ၌ လှုပ်ရှားနေသော ကရင်နီတပ်မတော်တို့နှင့် လာရောက်ပူးပေါင်းခဲ့ခြင်း ဖြစ်သည်။

၎င်းတို့သည် နယ်ခြားစောင့်တပ် သင်တန်းကို တက်ရောက်ပြီးဆုံးသူများ ဖြစ်ကြသည်။ သို့သော် လက်တွေ့တွင်မူ စစ်အစိုးရတပ်များနှင့် ရောနှောနေထိုင်ရာတွင် ခံနိုင်ရည် မရှိသောကြောင့် ယခုလို ထွက်ပြေးကြရခြင်း ဖြစ်သည်ဟု အပစ်ရပ်အဖွဲ့နှင့် နီးစပ်သူ တဦးက ပြောသည်။

၎င်းက “သူတို့ အောက်မှာ ပြန်နေရလို့ သူတို့က အရမ်းဖိနှိပ်ဆက်ဆံလို့တဲ့။ ဆက်ဆံရေးဘက်မှာ သူတို့ အဖွဲ့ အချင်းချင်းလို မဆက် ဆံဘူး။ ရာထူးတူတဲ့ အောက်ငယ်သား အချင်းချင်းတွေကို ပြောတာ။ အရာရှိလို ခိုင်းတာမျိုးတွေ ရှိတာပေါ့” ဟု ပြောပါသည်။

နယ်ခြားစောင့်တပ်ကို ကြီးကြပ်အုပ်ချုပ်သော အရာရှိများသည် အများအားဖြင့် စစ်အစိုးရတပ်များ ဖြစ်သောကြောင့် ၎င်းတို့၏ စည်းမျဉ်း စည်းကမ်း ကြမ်းတမ်းမှုနှင့် တပ်တွင်း အဆင်မပြေမှုကြောင့် စိတ်ပျက်ကြရခြင်းဖြစ်ကြောင်း ထွက်ပြေးလာသူများနှင့် ပတ်သက်ပြီး ပြောရေးဆိုခွင့်ရှိသူ ကရင်နီပြည်ထဲရေးဌာနမှ ဗမားနိုင်က ပြောသည်။

“သိတဲ့အတိုင်းပဲလေ စစ်အစိုးရတပ်တွေက သူတို့ စစ်တပ်၊ စစ်ကြောင်းတွေကို အုပ်ချုပ်ရတာ စည်းကမ်း ကြမ်းတယ်လေ။ နဂါးအဖွဲ့တွေ သူတို့ ကိုယ့်အဖွဲ့နဲ့ကိုယ် နေထိုင်စဉ် ရပ်တည်နေစဉ်တုန်းက အဲလောက် စည်းမျဉ်းစည်းကမ်းတွေ မကြမ်းဘူးလေ။ အခုတော့ သူတို့ စစ်အစိုးရတပ် အောက်မှာ နေရတော့ စိတ်မနိုင်ဘူးပေါ့” ဟု ဆိုသည်။

စစ်အစိုးရသည် ယမန်နှစ် နိုဝင်ဘာလက ကရင်နီပြည် ဖားဆောင်းမြို့နယ် ပန်တိန်းတွင် လူအင်းအား ၅၀၀ ခန့်ရှိသော အပစ်ရပ် ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့ လွတ်မြောက်ရေးတပ်ဦး KNPLF  (ကလလတ)နှင့် နဂါးအဖွဲ့တို့ကို နယ်ခြားစောင့်တပ်သင်တန်း ပို့ချပေး ခဲ့သည်။

နယ်ခြားစောင့်တပ် သင်တန်းကို တက်ရောက်ပြီးဆုံးခဲ့ကြသော ကလလတနှင့် နဂါးအဖွဲ့တို့သည် ယခုအခါတွင် ပန်တိန်းနှင့် စွတ်ပိုက် ဒေသတွင် စစ်အစိုးရမှ ထောက်ပံ့ပေးနေသော ထောက်ပံ့ကြေးနှင့် ရိက္ခာများနှင့်အတူ နယ်ခြားစောင့်တပ် တာဝန်များကို ပြန်လည် ထမ်းဆောင်နေကြပါသည်။

စစ်အစိုးရသည် နယ်ခြားစောင့်တပ် တာဝန်ထမ်းဆောင်သူများကိုလည်း အသက်အရွယ် ငယ်ရွယ်သူများကိုသာ လိုလားပြီး အသက် အရွယ် ကြီးရင့်သူးများက ပင်စင် ယူခိုင်းသောကြောင့် လာမည့်အနာဂတ်တွင်လည်း တမျိုးတဖုံ ပြန်လည်ပြောင်းလဲနိုင်ကြောင်း ဗမားနိုင် က ပြောပါသည်။

အင်အား ၆၀ ခန့်ရှိသော အပစ်ရပ် နဂါးအဖွဲ့သည် ၂၀၀၈ ခုနှစ် စက်တင်ဘာလတွင် မြန်မာစစ်အစိုးရက ၎င်းတို့၏ လက်နက်ခဲယမ်းများကို သိမ်းဆည်းခဲ့သည်။ သို့သော် ၂၀၀၉ ခုနှစ် စက်တင်ဘာလမှ စတင်၍ ၎င်းတို့ အဖွဲ့ဝင်များကို ပြန်လည်စုစည်း၍ နယ်ခြားစောင့်တပ် အဖြစ်သို့ အသွင်ကူးပြောင်းခဲ့သည်။

Most read this week