ကရင်နီပြည်တွင် ရာမစိတ်ကြွဆေးပြားများကို ကွမ်းယာဆိုင်များ၌ ရောင်းချပေးနေသည်ဟု မြင်တွေ့သူများက ပြောသည်။
လွိုင်ကော်နှင့် ဒီမောဆိုမြို့ရှိ ဆိုင်ကြီးများမှ ရာမဆေးပြားများကို မှောင်ခိုစျေးကွက်သဖွယ် ရောင်းချကြရာမှ ကွမ်းယာဆိုင်တန်းများနှင့် နေအိမ်များမှာလည်း ကျယ်ကျယ်ပြန့်ပြန့် ရောင်းချလာသည်ကို တွေ့ရှိရသည်ဟု ဒေသခံမျက်မြင်များက ကန္တာရဝတီတိုင်း(မ်)ကို ပြောပြသည်။
“ကွမ်းယာဆိုင်၊ အိမ်တွေမှာလည်း ရောင်းတယ်။ မြို့ပြင်ကျေးရွာတွေမှာ ရောင်းတာက မြို့တွင်းမှာ ရောင်းတာနဲ့ စျေးနှုန်းက ကွာတာပေါ့။ ကျေးရွာမှာ ရောင်းတာက တလုံးကို ၂၅၀၀ ကျပ်၊ ဒါမယ့် မြို့မှာကြတော့ ၄၅၀၀ နဲ့ ရနိုင်တယ်” ဟု လွိုင်ကော်မြို့မှ ခိုင်လုံသည့် မျက်မြင်မြို့ခံတဦးက ပြောသည်။
မှောင်ခိုစျေးကွက်မှတဆင့် ကွမ်းယာဆိုင်တန်းများနှင့် ဒေသခံပြည်သူလူထုများ၏ နေအိမ်၌လည်း ကျယ်ပြန့်စွာ ရောင်းချနေသည့် အတွက် ထိုင်း-ကရင်နီ နယ်စပ်ဘက်ကိုလည်း အလွယ်တကူ ရောက်လာနိုင်ကြောင်း ထိုင်း-ကရင်နီနယ်စပ် မြို့ဖြစ်သည့် မယ်ဟောင်ဆောင်မြို့မှ ထိုင်းစစ်ဘက်ဆိုင်ရာ အရာရှိတဦးက ပြောပါသည်။
၎င်းက “ဒီထိုင်း-ကရင်နီနယ်စပ် ဟွေ့ပူလောင်းဂိတ်ကို ဖွင့်လိုက်တာဟာ ဘယ်လိုပဲဖြစ်ဖြစ်လေ မူးယစ်ဆေးဝါး ကုန်သွယ်မှုတော့ ရှိလာမှာပဲ။ ဘာဖြစ်လို့လဲဆိုတော့ အရင်ကလည်း ရှိခဲ့ဖူးပြီလေ။ အတိအကျတော့ မသိပေမယ့်ပေါ့” ဟု ပြောပါသည်။
ထိုင်း-ကရင်နီနယ်စပ် ဟွေ့ပူလောင်းဂိတ်ကို ၂၀၀၅ ခုနှစ်မှ စ၍ ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ) အဖွဲ့နှင့် မယ်ဟောင်ဆောင် ထိုင်းဒေသအာဏာပိုင် အချို့က မှောင်ခိုလမ်းအနေဖြင့် ဖွင့်လှစ်ထားရာမှ ပြီးခဲ့သည့် စက်တင်ဘာလတွင် တရားဝင်ဖွင့်လှစ်လိုက်သည်။
မူးယစ်ဆေးများကို ကွမ်းယာဆိုင်တန်းများနှင့် နေအိမ်များတွင် ကျယ်ကျယ်ပြန့်ပြန့် ရောင်းချနေမှုများကို ဒေသအာဏာပိုင်များမှ ထိရောက်စွာ အရေးယူမှုများ ပြုလုပ်ခြင်း မရှိသည့်အပြင် ဖမ်းဆီးရမိခြင်းများ ရှိခဲ့သော်လည်း လာဘ်ထိုးခြင်းဖြင့် အဆင်ပြေသွား ခဲ့ကြသည့် အခြေအနေနှင့် အဖြစ်အပျက်ကို တွေ့ရှိခဲ့သူ လွိုင်ကော်မြို့ခံ တဦးက ပြောပါသည်။
ကရင်နီပြည် လွိုင်ကော်မြို့နယ်၊ ဒီမောဆိုမြို့နယ်၊ မိုးဗြဲနှင့် ဖယ်ခုံဒေသများ၌ ရာမမူးယစ်ဆေးပြားများကို ထုပ်လုပ်ပေးနိုင်သည့် ဘိန်းစိုက်ပျိုးခင်း အများအပြား ရှိနေပြီး ကရင်နီအပစ်ရပ် အဖွဲ့များက ၁၉၉၄ ခုနှစ်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေးယူခဲ့သည့် ကာလမှ စ၍ ဒေသခံများ ယနေ့ထိတိုင် ဘိန်းစိုက်ပျိုးခွင့်များ ရရှိနေကြသည်။