ငွေပေးနိုင်သောသူသာ UN လက်မှတ် ဦးစားပေးသွင်း

ငွေပေးနိုင်သောသူသာ UN လက်မှတ် ဦးစားပေးသွင်း
by -
မော်တခဲ
မလေးရှားနိုင်ငံရှိ ကရင်နီ လူမှုအကူအညီပေးရေး အသင်းသည် ယူအဲန်လက်မှတ် စာရင်းသွင်းသည့် နေရာ၌ ငွေပေးနိုင်သော သူများကိုသာ ဦးစားပေးကာ စာရင်းသွင်းခွင့် ပေးနေသည့်အတွက် ရွှေ့ပြောင်း အလုပ်သမားများ ...

မလေးရှားနိုင်ငံရှိ ကရင်နီ လူမှုအကူအညီပေးရေး အသင်းသည် ယူအဲန်လက်မှတ် စာရင်းသွင်းသည့် နေရာ၌ ငွေပေးနိုင်သော သူများကိုသာ ဦးစားပေးကာ စာရင်းသွင်းခွင့် ပေးနေသည့်အတွက် ရွှေ့ပြောင်း အလုပ်သမားများ ဒုက္ခများနှင့် ရင်ဆိုင် ကြံုတွေ့နေရသည်ဟု သိရသည်။

“မလေးရှား ရင်းကစ် ငါးထောင် နဲ့တစ်သောင်းလောက် ပေးနိုင်တဲ့ တခြားလူမျိုးတွေကို ခေါ်ပြီးလုပ်ပေးနေတာ လေး၊ ငွေမပေးနိုင်တဲ့ ကရင်နီလူမျိုး တွေကိုတော့ မလုပ်ပေး ချင်ဘူးလေး” ဟု ယူအဲန်စာရင်းသွင်းရန် ငွေမပေးနိုင်ဘဲ ဒုက္ခရောက်နေသော မလေးရှားရောက် ကရင်နီ ရွှေ့ပြောင်းအလုပ်သမားတဦးကပြောသည်။

အောက်တိုဘာလ ၆ရက်နေ့တွင် UNHCR မှကရင်နီတစ်မျိုးစုထဲအတွက် လက်မှတ်လာလုပ်ပေးမည်ဖြစ်ရာ UN လက်မှတ်လုပ်မည့် လူဦးရေ စုစုပေါင်း ၃၀၀တွင် ကရင်နီ လူမှုရေး အကူအညီပေးရေးအသင်းမှ ဥက္ကဋ္ဌမှ ခေါ်ယူတောင်းစားသော လူဦးရေမှာ ၁၅၀ ဦးရှိသည်ဟု ဆိုသည်။

ကရင်နီ လူမှုအကူအညီပေးရေး အသင်းဝင်တဦးက “UN က အမိန့်ရှိတယ်လေ ပိုက်ဆံလိုချင်ပြီး၊ ကိုယ့်လူမျိုးမဟုတ်ဘဲနဲ့ ခေါ်လာပါရင် ထောင်ဒဏ်နဲ့ ရော်ကြေးပေးခံရမှာ” ဟု ပြောသည်။

မလေးရှားနိုင်ငံရောက် ကရင်နီရွှေ့ပြောင်း အလုပ်သမားစာရင်းသွင်းထားသော လူဦးရေမှာ ၁ထောင်ခန့်ရှိပြီး၊ ၂၀၀၈ခုနှစ်တွင် ၂၅၀ ဦး UN မှတ်ပုံတင်ပြီးဖြစ်သည်။

အခက်အခဲနှင့် ရင်ဆိုင်ကြံုတွေ့ နေရသော တိုင်းရင်းသားရွှေ့ပြောင်းအလုပ်သမားများ ဖြစ်ကြသော ကချင်၊ ကရင်နီ၊ ကရင်၊ ချင်း၊ မွန်နှင့် ရှမ်းစသည့် တိုင်းရင်းသားများကို ယခုနှစ်တွင် ထူးခြားစွာ မှတ်ပုံတင်ခွင့်ပိုရပြီး၊ UN မှတ်ပုံတင် လုပ်ထားသူများသည် အထူးအခွင့်အရေး ပိုရသည်ဟု မလေးရှားနိုင်ငံရောက် ကရင်နီအလုပ်သမား တို့၏ ပြောပြချက်အရသိရသည်။

Most read this week