မှတ်ပုံတင်ထားခြင်းမရှိဘဲ စျေးကွက်တွင် ရောင်းချနေသော တိုင်းရင်းဆေး ၁၄ မျိုးကို စစ်မှန်၍အစွမ်းထက်မှု အာမခံချက် မပေးနိုင်သည့် ဆေးဝါးများဖြစ်သည်ဟု စစ်အစိုးရပိုင်သတင်းစာမှ ယမန်နေ့က ရေးသားဖေါ်ပြထားသည်။
တိုင်းရင်းဆေး ၁၄ မျိုးသည် စစ်အစိုးရ၏ ကျန်းမာရေးဝန်ကြီး ဌာနမှ စစ်ဆေးချက်ဖြင့် တိုင်းရင်းဆေး ပညာဦးစီးဌာနတွင် မှတ်ပုံတင်ထားခြင်းမရှိသော ဆေးဝါးများ ဖြစ်သည့်အတွက် အများပြည်သူများ သုံးစွဲရန် မသင့်ကြောင်း မှတ်ပုံတင်ထားသော ဆေးဝါးများကိုသာ ဝယ်ယူသုံးစွဲကြရန် မြန်မာ့အလင်းသတင်းစာက နှိုးဆော်ထားပါသည်။
မသုံးစွဲသင့်သော တိုင်းရင်းဆေး ၁၄ မျိုးမှာ မြအလင်းရောင် လတံဆိပ်မျက်စဉ်းဆေးကြီး၊ ဒို့မောင်နှံဒဏ်ကြေ လိမ်းဆေး၊ ဆရာပါ၏ နဂါးနီတံဆိပ် အစာကြေဆေး၊ ဦးဘမှန် ဇာပျံလျက်ဆား၊ ဦးသက်ထွန်း၏ ကလေး သူငယ်နာ၊ EVER LIFE အကိုက်အခဲပျောက်ဆေး၊ ရွှေပုစွန်ငှက်ဖျားဖြတ်ဆေးကြီး၊ ရွှေပုစွန် ကိုက်ခဲများ နာပျောက်ဆေးမှုန့်၊ ဂျပန်နားသန့်ဆေးကြီး၊ မြင်းနီပျံအမှတ်တံဆိပ် မက်ကလောင် အဖျားဖြတ်ဆေးကြီး (ဆရာစံဧ)၊ ခြင်္သေ့ကမ္ဘာ ငှက်ဖျား မက်ကလောင် အဖြတ်ဆေးကြီး၊ ငှက်ဖျားအမြစ်ဖြတ်ဆေး၊ ငှက်ဖျားနှင့် မက်ကလောင်အမြစ်ပြတ်ဆေး၊ မြင်းနီပျံ မက်ကလောင်ဆေးကြီး တို့ဖြစ်ကြသည်။
“ဆေးဝါးဖြန့်ဖြူးသည့် လုပ်ငန်းများ၊ ဆေးဝါးရောင်းချသည့် ဆေးဆိုင်များသည် တိုင်းရင်းဆေးပညာဦးစီးဌာနတွင် မှတ်ပုံတင်ထားခြင်းမရှိသော ဆေးဝါးများ၊ ဆေးဝါးအတု၊ စံမညီဆေးဝါးများ တင်သွင်းဖြန့်ဖြူးရောင်းချခြင်း လုံးဝမပြုလုပ်ရန်နှင့် လိုက်နာဆောင်ရွက်ခြင်းမရှိပါက သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းက တည်ဆဲ ဥပဒေအရ အရေးယူမည်” ဟု သတင်းတွင် ဖော်ပြထားသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၂ နှင့် ၂၉ ရက်တို့ကလည်း လက်ဖက်တွင် ဓာတုဆိုးဆေး Auramine O ပါ၀င်ကြောင်း စစ်ဆေးတွေ့ရှိရသည့်အတွက် လက်ဖက်အမျိုး ၁၀၀ အား စားသုံးရန်မသင့်ကြောင်း တားမြစ်ခဲ့ပြီး့ မေလဆန်းပိုင်းတွင်လည်း ငါးပိအမျိုးအစား ၈၀ ခန့်တွင် ဓာတုဆိုးဆေးRhodamine-B ပါ၀င်နေကြောင်း ဗဟိုအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန FDA က ထုတ်ပြန်ခဲ့သည်။
ဇွန်လအတွင်းကလည်း FDA မှ ငရုတ်သီးမှုန့်တံဆိပ် ၆ မျိုးတွင် အနီရောင်ဆိုးဆေး Rhodamine Bနှင့် လိမ္မော်ရောင်ဆိုးဆေး Orange II တို့ ပါ၀င်သည်ဟု ပြည်သူများအား အသိပေးကြော်ငြာခဲ့သလို ဇူလိုင်လ ၂၅ ရက်ထုတ် စစ်အစိုးရသတင်းစာတွင် လည်း ပြည်ပမှ တင်သွင်းသော စားသုံးဆီ ၄မျိုးကို မစားသုံးသင့်ကြောင်း ထုတ်ပြန်ထားပါသည်။