မြန်မာစစ်အစိုးရနှင့် ဝတပ်ဖွဲ့များအကြား တိုက်ပွဲဖြစ်ပွားပြီးသည့်နောက် နယ်မြေရှင်းလင်းရေး ပြန်လည် လုပ်ဆောင်ချိန်တွင် ကရင်နီပြည် ရှားတောမြို့နယ် လျားဒူချေး ကျေးရွာမှ ကျေးရွာအတွင်းရေးမှူး အပါအဝင် ရွာသား ၅ ဦးအား ပြီးခဲ့သည့် စနေနေ့က စစ်အစိုးရတပ်ရင်းမှ ဖမ်းဆီးရိုက်နှက်ခဲ့ကြောင်း ဖမ်းဆီးခံရသူများအနက် ထွက်ပြေး လွတ်မြောက်လာသူတစ်ဦးက ပြောသည်။
ပြီးခဲ့သည့်လတွင် ရှမ်းပြည်နယ် တစ်နေရာတွင် တိုက်ပွဲဖြစ်ပွား၍ လက်နက်နှင့် တပ်များ ဆုံးရှုံးမှုများကြောင့် ရှမ်းနှင့် ကရင်နီ နယ်စပ်တလျောက်ရှိ နယ်မြေဒေသများ ပြန်လည် လိုက်လံ ရှင်းလင်းခြင်းဖြင့် ထိုကျေးရွာရှိ ရွာသားများအား ဝင်ရောက်ဖမ်းဆီးခြင်း ဖြစ်သည်။
ဖမ်းဆီးခံခဲ့ရ သူများအထဲတွင် ကျေးရွာအတွင်းရေးမှူး ငါးရယ် အသက် ၃၅ နှစ်နှင့် ရွာသား ဆော်ရယ် ၃ဝနှစ်၊ ပဲရယ် ၂ဝနှစ်၊ တာရယ် ၂၂နှစ်၊ ကျဲရယ် ၄၅နှစ်နှင့် ထွက်ပြေးလွတ်မြောက်သူ ဘိုးရယ် အသက် ၂၅ နှစ် တို့သည် တောထဲ၌ နှစ်ည ကြိုးဖြင့် ချည်နှောင်ထားခြင်း၊ လက်နက်နှင့်ပတ်သက်ပြီး စစ်ဆေးမေးမြန်း၍ ရိုက်နှက်ခြင်းများ ပြုလုပ်ခဲ့သည်ဟု ဘိုးရယ်က ပြောသည်။
ယခုလို ရွာသားများ ဖမ်းဆီးခံခဲ့ရခြင်းနှင့် ပတ်သက်ပြီး သတင်းရရှိထားသည့် ကရင်နီတပ်မတော် ရှေ့တန်းတပ်မှူး တစ်ဦးက“ရရှိထားတဲ့ လက်နက် တွေက အဲဒီရွာမှာ ပြန်ဝှက် ထားတယ်လေ၊ ပြန်ဝှက်ထားတာ မဟုတ်ဘူး အဲမှာရှိတဲ့ လူတွေနဲ့ ပြန်အပ်ထားတာ၊ နောက်ပြီး ပြန်အပ်လိုက်တဲ့ တစ်ယောက်က နအဖ တပ်ထဲ ပြန်အလင်းဝင်တယ်၊ ပြန်ဝင်ပြီးတော့ သူချန်ထားတဲ့ လက်နက်တွေကို ပြန်ရှာဖို့အတွက်ပေါ့၊ နအဖကို ပြောပြတော့ ရွာသားတွေကို ဖမ်းတယ်” ဟု ပြောပြသည်။
ပြီးခဲ့သည် တနေ့င်္လာနေ့တွင်လည်း တပ်ရင်းမှူး ရဲထွန်း ဦးဆောင်သည့် ၎င်းခြေမြန်တပ်ရင်း (ခမရ) ၄၂၁ သည် ကျေးရွာသို့ ပြန်လာပြီး တအိမ်တက်တအိမ်ဆင်း မွေနှောက်ရှာဖွေမှုများ ပြုလုပ်ကာ အိမ်တွင်းရှိ ရွာသားများ၏ အသုံးဆောင် ပစ္စည်းများကို ထပ်မံ၍ယူဆောင်သွားခဲ့သည်ဟု ဘိုးရယ်ကပြောသည်။
ထို့အပြင် ကျေးရွာအနီး၌ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ (ပီအဲန်အယ်လ်အို)မှ ဝှက်ထားသော လက်နက် နှစ်လက်အား တွေ့ရှိသွား၍ ကျန်ရှိသူများကို ပြန်မလွတ် ဘဲ ရှမ်းပြည်နယ် မောက်မယ်မြို့နယ်သို့ ဆက်လက် ခေါ်ဆောင်သွားကြောင်း ဆက်လက်ပြောကြားသွားသည်။
အိမ်ခြေ ၂ဝ ခန့် ရှိနေပြီး ရွာသူရွာသား ရဝ ခန့် နေထိုင်လျက်ရှိသော ၎င်းကျေးရွာတွင် စစ်အစိုးရတပ်၏ ခြိမ်း ခြောက်မှု၊ နှိပ်စက်မှုများကြောင့် ကျေးရွာ၌ မနေထိုင်ရဲ ဖြစ်ကြကာ အခြားကျေးရွာများ အနီးအနားသို့ ထွက်ပြေး သွားကြသည်ဟု တပ်မှူးတစ်ဦးက ပြောသည်။
ယင်းစစ်အစိုးရတပ်သည် ရှမ်းပြည်နယ် ဖယ်ခုံမြို့၌ အခြေစိုက်သည့် စစ်တပ်ကွပ်ကဲရေး စစ်ဌာနပ်ချုပ်(စကခ) ရ လက်အောက်ခံ တပ်ရင်း ဖြစ်သည်။
Published
Wednesday, June 24, 2009 - 18:52
စစ်အစိုးရတပ်နှင့် ဝတပ်ဖွဲ့ တိုက်ပွဲဖြစ်ပြီးနောက် ကရင်နီပြည်သူအား ဖမ်းဆီးရိုက်နှက်
မြန်မာစစ်အစိုးရနှင့် ဝတပ်ဖွဲ့များအကြား တိုက်ပွဲဖြစ်ပွားပြီးသည့်နောက် နယ်မြေရှင်းလင်းရေး ပြန်လည် လုပ်ဆောင်ချိန်တွင် ကရင်နီပြည် ရှားတောမြို့နယ် လျားဒူချေး ကျေးရွာမှ ကျေးရွာအတွင်းရေးမှူး အပါအဝင် ရွာသား ၅ ဦးအား ပြီးခဲ့သည့် စနေနေ့က စစ်အစိုးရတပ်ရင်းမှ ဖမ်းဆီးရိုက်နှက်ခဲ့ ...