ပြည်ပနိုင်ငံများ ပြည်တွင်းကိစ္စ ဝင်မပါဖို့ စစ်အစိုးရမှ ဗိုလ်ချုပ် အေးမြင့်ပြော

ပြည်ပနိုင်ငံများ ပြည်တွင်းကိစ္စ ဝင်မပါဖို့ စစ်အစိုးရမှ ဗိုလ်ချုပ် အေးမြင့်ပြော
by -
နှောင်းလှိုင်
နိုဘဲလ် ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းဆုကြည်အား စစ်အစိုးရက တရားစွဲအရေးယူမှု ကိစ္စကို ပြည်ပ နိုင်ငံများက ဝင်ရောက် စွတ်ဖက်မှု မပြုလုပ်ကြရန် စင်္ကာပူနိုင်ငံမှ ကျင်းပသော ပစိဖိတ်ဒေသ လုံခြံုရေး အစည်းအဝေးတွင် မေလ ၃၁ ရက်နေ့က မြန်မာ ဒု-ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ် အေးမြင့်က ပြော ...

နိုဘဲလ် ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းဆုကြည်အား စစ်အစိုးရက တရားစွဲအရေးယူမှု ကိစ္စကို ပြည်ပ နိုင်ငံများက ဝင်ရောက် စွတ်ဖက်မှု မပြုလုပ်ကြရန် စင်္ကာပူနိုင်ငံမှ ကျင်းပသော ပစိဖိတ်ဒေသ လုံခြံုရေး အစည်းအဝေးတွင် မေလ ၃၁ ရက်နေ့က မြန်မာ ဒု-ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ် အေးမြင့်က ပြောသွားပါသည်။

ဒေါ်စုအား မတရား စွပ်စွဲထားခြင်းနှင့် ပတ်သက်ပြီး အဖွဲ့အစည်း အသီးသီး၊ ကမ္ဘာ့ထိပ်တန်း ခေါင်းဆောင် ဟောင်းများ၊ ကမ္ဘာတလွှား ထင်ရှားသူများနှင့် ပြည်ပရောက် အတိုက်အခံပါတီ အဖွဲ့အစည်း အသီးသီးမှ ဒေါ်စု အား လွတ်ပေးရန် တောင်းဆိုမှု ပိုမိုများလာခြင်းကို စစ်အစိုးရက မြန်မာပြည်တွင်းရေးကို ဝင်စွတ်ဖက်သည် ဟုဆိုပြီး ငြင်းပယ်ခဲ့သည်။

ထိုသို့ ဝင်ရောက်စွတ်ဖက် ခြင်းသည်  မြန်မာနိုင်ငံတွင်း  ငြိမ်းချမ်းရေးနှင့် လုံခြံုရေးကို ထိခိုက်လာနိုင်သည့် အတွက် စွတ်ဖက်မှု မပြုလုပ်သင့်ကြောင်း ဗိုလ်ချုပ်အေးမြင့်က ဆိုသည်။

မြန်မာနိုင်ငံမှ ပြောင်းလဲမှုများ၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားများ လွတ်လာပြီး စစ်အစိုးရနှင့် အတိုက်အခံအကြား အဓိပ္ပါယ်ပြည့်ဝသော တွေ့ဆုံဆွေးနွေးမှုမျိုးနှင့် နိုင်ငံရေးပြဿနာများ ဖြေရှင်းနိုင်ဖို့ရန်  လိုလားကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီး ရောဘတ်ဂိတ်က သူ၏ သဘောထားကို ထိုအစည်းအဝေးတွင် ထပ်လောင်း ပြောသွားပါသည်။

မြန်မာ အာဏာပိုင်တွေအပေါ် ဖိအားပေး တောင်းဆိုမှုကို အိန္ဒိယ နှင့် တရုတ် နိုင်ငံများကလည်း ပါဝင်ဆောင် ရွက် လာကြရန်နှင့် နိုင်ငံတကာ အသိုင်းအဝိုင်း အနေနှင့် ကာကွယ် စောင့်ရှောက်ရေး တာဝန် ယူရမည် ဆိုသည့် အယူအဆကို တဖြည်းဖြည်း နှင့် စစ်ရေးအရ ဝင်ရောက်စွက်ဖက်သင့်လျှင် စွက်ဖက် ရမည်ဟု နိုဘဲလ် ငြိမ်းချမ်းရေးဆုရှင် Desmond Tutu က ဘီဘီစီ ကိုပြောသည်။

အမေရိကန် ကာကွယ်ရေးဝန်ကြီး Robert Gates၊ ဗြိတိသျှ ကာကွယ်ရေးနှင့် လုံခြံုရေးဆိုင်ရာ အငယ်တန်း ဝန်ကြီးလည်း ဖြစ်သော Ann Taylor နှင့် Desmond Tutu ကလည်း ဒေါ်အောင်ဆန်းစုကြည်အား ပြန်လွတ်ပေးရန် အစည်းအဝေးတွင် တောင်းဆိုခဲ့သည်။

နေအိမ်ခြံဝင်းသို့ ခိုးဝင်လာခြင်းကို ဒေါ်အောင်ဆန်းစုကြည်က အာဏာပိုင်အား  အကြောင်းကြားမှု ပျက်ကွက်ခဲ့ ခြင်းကြောင့် အမှန်တရားကို ဖုံကွယ်ရာကျကာ ဥပဒေနှင့်အညီ တရားစွဲရုံမှတပါး အခြား မရှိဘူးဟု ဗိုလ်ချုပ် အေးမြင့်က အစည်းအဝေးသို့ တက်ရောက်လာသော နိုင်ငံတကာ ကာကွယ်ရေး ထိပ်တန်းအရာရှိများအား ရှင်းလင်းပြောဆိုသွားပြီး ထိုအကြောင်းပြချက်ဖြင့် ဒေါ်စုအား ၃နှစ်မှ ၅နှစ်အထိ ထောင်ဒဏ် ချမှတ်ခံနိုင်ဖွယ် ရှိသည်ဟု သိရသည်။

ပြည်တွင်းရေးကို ဝင်ရောက်စွတ်ဖက်မှု မပြုလုပ်ကြရန် ပြောဆိုသော်လည်း အိမ်နီးနားချင်းနိုင်ငံလည်းဖြစ် လက်ရှိ အာဆီယံဥက္ကဌ လည်းဖြစ်သော ထိုင်းနိုင်ငံမှ ဒေါ်စုအပေါ် တရားစွဲမှုနှင့် ပတ်သက်၍ မြန်မာစစ်အစိုးရအား ပြင်းပြင်းထန်ထန် ဝေဖန်နေတာတွေ့ရပါသည်။

တောင်ကိုးရီးယားနိုင်ငံတွင် ပြုလုပ်နေသော အာဆီယံနိုင်ငံများနှင့် တောင်ကိုးရီးယား၏ အနှစ် ၂ဝ မဟာမိတ် ဆက်ဆံရေး အထိမ်းအမှတ် အစည်းအဝေး ထဲတွင်လည်း မြန်မာ့အရေးကို ဆွေးနွေးပြောကြားသွားမည်ဟု ထိုင်းဝန်းကြီးချုပ် အဘီဆစ် ဝိုက်ချာချီဝက ပြောပါသည်။

ယခုလို ဒေါ်စုအား အမှုတင်ခြင်းသည် လာမည့် ၂ဝ၁ဝ ရွေးကောက်ပွဲတွင် ကျင်းပမည့် ကာလအတွင်း ထိန်းသိမ်းထားချင်သည့်အတွက် အမှုဆင်ပြီး လုပ်ကြံခြင်းသာဖြစ်သည် ဟု အနောက် နိုင်ငံများက ပြစ်တင်ရှုတ်ချကြသည်ဟုသိရသည်။

Most read this week