မြန််မာပြည်မှ တိုင်းရင်းသား လူမျိုးစုများ၏ အမျိုးသမီးများသည် ၎င်းတို့ အခွင့်အရေးကို အခွင့်အရေးဟု သိရှိနားလည်မှု အားနည်းနေ သေးသည်ဟု မတ်လ ၈ ရက်၊ နိုင်ငံတကာ အမျိုးသမီးများနေ့တွင် ကရင်နီ အမျိုးသမီးများ အဖွဲ့အစည်းက ပြောဆိုလိုက်သည်။
မြန်မာပြည်မှ အမျိုးသမီးများသည် ၎င်းတို့၏ အမျိုးသမီး အခွင့်အရေးများအတွက် လုပ်ပိုင်ခွင့် အခွင့်အရေးမရှိကြတာကြောင့် ၀မ်းနည်းမိ ပါကြောင်း ကရင်နီအမျိုးသမီးများ၏ အတွင်းရေးမှူးက ပြောပါသည်။
“ဘာကြောင့်ဝမ်းနည်းရတာလဲ ဆိုလို့ရှိရင် နိုင်ငံတကာအမျိုးသမီးများနေ့ကိုလည်း သူတို့ မကျင်းပရဘူးလေ။ နောက်ပြီးတော့ သူတို့ နအဖ လက်အောက်မှာနေရတဲ့အခါမှာဆိုရင် မြန်မာပြည်မှာနေရတဲ့ အမျိုးသမီးတွေ သူတို့ နေ့စဉ်ဘဝတွေနဲ့ ရုန်းကန်နေရတဲ့ အတွက်ကြောင့်မို့လို့ ဒီလိုအမျိုးသမီး အခွင့်အရေးကို သိတော့သိကြမယ်တချို့ ဒါပေမယ့် လုပ်ပိုင်ခွင့်မရှိဘူး။ ”ဟု ပြောပါသည်။
အခွင့်အရေး ချိုးဖောက်ခံနေရသည့် ပြည်တွင်းမှ အမျိုးသမီး များအတွက် ပြည်ပမှာ ရောက်ရှိနေကြသည့် အမျိုးသမီးများ သည် ပြည်တွင်း မှာထက် လုပ်ဆောင်ပိုင်ခွင့်၊ ထုတ်ဖော ်ပိုင်ခွင့်များ ရှိသောကြောင့် မြန်မာပြည်မှ အမျိုးသမီးများ အတွက် အများကြီး မအောင်မြင်နိုင်သည့် တိုင်အောင် တဖက် တလှမ်းအနေဖြင့် ကူညီသွားမှာဖြစ်ကြောင်း ဆိုပါသည်။
“တခြားနိုင်ငံရပ်ခြားမှာနေတဲ့ လူတွေအတွက်ကျတော့ လုပ်ပိုင်ခွင့်ဆိုတာရှိလာတယ်။ အခွင့်အရေးတွေသိလာတယ်၊ ထုတ်ဖော်ပိုင်ခွင့်တွေ ရှိလာတယ်၊ ထုတ်ဖော်ပိုင်ခွင့်တွေ ရှိလာတဲ့အခါကျတော့ နိုင်ငံတကာကို အသိပေးတယ် နိုင်ငံတကာကို စည်းရုံးလှုပ်ဆော်တယ်၊ လှုပ်ဆော်တဲ့အခါမှာ ဆိုရင် ကျမတို့မြန်မာပြည် အမျိုးသမီးတွေအတွက် အများကြီး မအောင်မြင် နိုင်သည့်တိုင်အောင် တဖက်တလှမ်း အကူအညီ ပေးတာတော့ တွေ့ရတယ်၊ ” ဟု ပြောသွားပါသည်။
မတ်လ ၈ ရက်နေ့သည် နိုင်ငံတကာ အမျိုးသမီးများနေ့မှာ မြန်မာနိုင်ငံက အမျိုးသမီးများ၏ အခွင့်အရေးနှင့်ပတ်သက်ပြီး အကာအကွယ် မဲ့နေဆဲဖြစ်ပြီး အခြေအနေများသည် တိုးတက်မှု မရှိသေးဘူးဟု ထိုင်းနိုင်ငံအခြေစိုက် WLB မြန်မာနိုင်ငံ အမျိုးသမီးများ အဖွဲ့ချုပ်က ပြောဆိုသည်။
ထို့အပြင် အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ)၏ ထုတ်ပြန်ကြေညာချက်တွင်မှာလည်း နိုင်ငံရေးကို နိုင်ငံရေးအရ အဖြေရှာရန် ငြင်းဆန်နေသည့် စစ်အစိုးရ၊ ရာသက်ပန်ကြီးစိုးရေးကိ်ု ရှေးရှု့ပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ပတ်သက်ပြီး ပြည်သူလူထုကို အတင်းအဓမ္မ အကြပ်ကိုင် အတည်ပြုခဲ့ပြီး ၂၀၁၀ ရွေးကောက်ပွဲကို ကျင်းပရန် တဖက်သတ် ပြင်ဆင်လျှက်ရှိနေသည့် ၎င်းအစိုးရကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အပါအဝင် ဒီမိုကရေစီအင်အားစုများ၊ တိုင်းရင်းသား အင်အားစုများနှင့် ပြည်သူတရပ်လုံး၏ ဆန္ဒကို အတိအလင်း ဆန့်ကျင်ကြောင်း ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။