၂၀၁၀ အထွေထွေရွေးကောက်ပွဲအတွက် မြန်မာစစ်အစိုးရသည် တိုင်းရင်းသား နယ်မြေဒေသတစ်ခု ဖြစ်သော ကရင်နီပြည်တွင် ယခုလအတွင်း၌ ကွင်းဆင်း၍ စည်းရုံးလှုပ်ရှားနေပြီဟု သိရသည်။
အဆိုပါ ပြီးခဲ့သည့် (၁၉) ရက်နေ့က ပြည်သူလူထုများအတွက် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများဟု ဆို၍ သစ်တောရေးရာဌာန ၀န်ကြီး ဗိုလ်မှူးချုပ် သိန်းအောင်က ကရင်နီပြည် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုး ရေးကော်စီဥက္ကဌ ဗိုလ်မှူးချုပ် ၀င်းမြင့်နှင့် အလှူရှင်တို့အတူ ကရင်နီပြည် လွိုင်ကော်မြို့နယ်ရှိ ဒေါဆော်ဘီးကျေးရွာတွင် ဆောက်လုပ်နေသော စာကြည့်တိုက် အဆောက်အအုံသစ်ကို ကြည့်ရှုစစ်ဆေးပြီး အလှူငွေ ကျပ် (၁၂) သိန်းနှင့် ပြည်နယ်တိုင်းရင်း ဆေးရုံကိုလည်းကောင်း လှူဒါန်းခဲ့ကြသည်။
၎င်းအပြင် ၀န်ကြီးသည် ကျောင်းအတွက် အသုံးပြုသော ဗလာစာအုပ်များနှင့် ဆန်အိတ်များ အပါအဝင် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စည်ပင်သာယာရေး ၀န်ကြီးဌာနမှ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးအတတ်သင်တန်းကျောင်း ရှင်းလင်းဆောင်တွင်လည်း စွန့်ကြဲခဲ့သည်ဟု ပြီးခဲ့သည့် (၂၁) ရက်ထုတ် မြန်မာအလင်းက ဆိုသည်။
သို့သော် စစ်အစိုးရသည် ပြည်သူများအတွက် ဒေသဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်းများကို ဆောက်ရွက်ပေးခြင်း ပျက်ကွက်သည်မှာ အချိန်ကာလများစွာ ကြာမြင့်ပြီ ဖြစ်သည့်အတွက် ယခုကဲ့သို့ အလှူငွေများနှင့် အကူအညီများကို ပေးအပ်လှူဒါန်းခဲ့ခြင်းသည် ၂၀၁၀ ရွေးကောက်ပွဲအတွက် သွတ်သွင်းပြီး ဆွဲဆောင်ခြင်းသာ ဖြစ်သည်ဟု ကေအဲန်ပီပီအတွင်းရေးမှူး ခူဦးရယ်က ပြောသည်။
၎င်းက “အဲလိုဆောက်ရွက်တာ တခါမှ မရှိဖူးပါဘူး၊ အခုလို သူတို့ ပြုလုပ်တာ လူတိုင်းက မြင်တွေ့လိမ့်မယ်လို့ ကျနော် ထင်တယ်လေ၊ ဘာဖြစ်လဲဆိုတော့ ဒီတစ်ခုက ၂၀၁၀ ရွေးကောက်ပွဲနဲ့ သက်ဆိုင်နေတယ်လေ၊ ပြောရမယ်ဆိုရင် သူတို့ စစ်အစိုးရ အကြီးအကဲက ထောက်ခံမဲ ရရှိဖို့အတွက် ပြည်သူလူထုများကို လိုက်လံ မဲဆွယ်နေတာပဲလေ” ဟု ပြောသည်။
ထိုနည်းတူ ပြီးခဲ့သည့် (၄) ရက်တွင်လည်း ကရင်နီပြည် ဒီမောဆိုမြို့နယ်ရှိ ဒေါတမဒူ ကျေးရွာအုပ်စုများ ဖြစ်သော ဒေါဖု၊ ဒေါပဲ၊ ဒေါဖျဒူ၊ ဒေါညေးခူ၊ ဒေါတမဒူနှင့် ဒေါစောင်ဖျတို့ကို ဗိုလ်မှူးကြီး တင်ဇော် ဦးဆောင်သော စစ်အစိုးရတပ် ခြေမြန်တပ်ရင်း (ခမရ) ၅၇၄ မှ ကထကမ ဆောင်ရွက်၍ ဒေသခံများ အတွက် ဘောလုံးပွဲ ပထမဆုံးအကြိမ် ကျင်းပဖွင့်လှစ်ပေးခဲ့သည်။
ဖွင်းလှစ်ပေးခဲ့သော ယင်းဘောလုံးပွဲသည် ထိုဒေသအတွင်း၌ တခါမှ မတွေ့ကြံုဖူးသော မြန်မာစစ်တပ် တို့၏ ဆောင်ရွက်မှု ဖြစ်ကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။
မြန်မာစစ်အစိုးရ ကျင်းပပြုလုပ်မည့် ၂၀၁၀ အထွေထွေရွေးကောက်ပွဲသည် လွတ်လပ်မှုနှင့် တရားမျှတမှု ရှိရမည်ဟု ဆိုထားသောကြောင့် ထိုရွေးကောက်ပွဲအား ၎င်းတို့ အနိုင်ရရှိဖို့အတွက် တိုင်းရင်းသား ပြည်သူများကို လိုက်လံစည်းရုံးပြီး ကျံူးသွင်းလျက်ရှိသည်။ ထိုအပြင် ပြည်သူလူထုများအား ဆွဲဆောင်ရန် အတွက် ၎င်းတို့ ကိုယ်စားလှယ်များကို နေရာဒေသ တစ်နယ်စီ စီစဉ်၍ ချထားနေသည်ကို ကြားသိရကြောင်း ခူဦးရယ်က ဆက်လက်ပြောဆိုသွားသည်။