ဖေဖေါ်ဝါရီ ရ ရက်နေ့တွင် ကျရောက်မည့် ၆၈ နှစ်မြောက် သျှမ်းပြည်နယ်နေ့ကို သျှမ်းပြည်နယ် အလယ်ပိုင်းရှိ တတိယ အမြင့်ဆုံး တောင်ထိပ်သို့ လူငယ်များ တက်ရောက် ဂုဏ်ပြုမည်ဟု သျှမ်းလူငယ်ကွန်ရက် တောင််တက် အဖွဲ့ခေါင်းဆောင် ကပြောသည်။
အမြင့်ပေ ၈၁၂၉ ပေရှိ သျှမ်းပြည်နယ်တောင်ပိုင်း မိုင်းကိုင်မြို့နယ် လွယ်ဇန့်တောင် သို့တက်ရောက်မည်ဖြစ်ပြီး သျှမ်းပြည်နယ်မြောက်ပိုင်း ၁၃ မြို့နယ်မှ လူငယ်များ အပြင် သျှမ်းပြည်တောင်ပိုင်း အရှေ့ပိုင်းမှ လူငယ်များ စုပေါင်းတက်ရောက်မည်ဟု သျှမ်းလူငယ်ကွန်ယက် တောင််တက်အဖွဲ့ခေါင်းဆောင် စိုင်းဝမ်းလျဲန်းက ဤကဲ့သို့ ပြောသည်။
“သျှမ်းပြည်နယ်နေ့မှာ ကျနော်တို့ သျှမ်းလူငယ်ကွန်ယက် TYN က စုစုစည်းစည်းနဲ့ တောင်ထိပ်ထိ တက်ရောက်လေ့လာမယ်။ လူငယ်အင်အား ၆၀၀ ကျော် ခန့်မှန်းထားတယ်၊ အဲဒီထက်ပိုရင်လဲ ပိုနိုင်တယ်” ဟု ပြောသည်။
ယခုခရီးစဉ်တွင် သျှမ်းလူငယ်ကွန်ယက်နှင့် ဒေသအတွင်းရှိ လွှတ်တော်ကိုယ်စားလှယ်များ ဒေသခံ ရပ်မိရပ်ဖများ သံဃာတော်များလည်း တက်ရောက်မည်ဟု မိုင်းကိုင်ဒေသခံ စိုင်းမိန်းက ပြောသည်။
တောင်တက်ရာတွင်အစဉ်ပါ၀င်သူ သျှမ်းလူငယ် ကွန်ယက် အသင်းသား စိုင်းစိုင်းခမ်းက “ ကျနော်တို့ လွယ်လိန်းတောင်တက််တာ လူငယ်အင်အား ၃၀၀ ကျော်တယ်၊ လွယ်ဆမ်ဆစ်ကတော့ ၆၀၀ လောက် ရှိသွားတယ်။ အခု ဒီခရီးစဉ်က ပိုများမယ်ထင်တယ်” ဟုု ပြောသည်။
ယခုတက်ရောက််မည့် ခရီးစဉ်သည်် စတုတ္တကြိမ်မြောက်တောင်တက်ခြင်းခရီးစဉ်ဖြစ်ပြီး ပထမအကြိမ်သည် သျှမ်းပြည်နယ်မြောက်ပိုင်း မိုင်းရယ်မြို့နယ်အတွင်းရှိ ပေ ၈၇၇၇ ရှိ လွယ်လိန်းတောင်၊ ဒုတိယ အကြိမ်တွင် သီပေါမြို့နယ်ရှိ လွယ်ခေးတောင်၊ တတိယအကြိမ် ကွတ်ခိုင်မြို့နယ်ရှိ လွယ်ဆမ်ဆစ်တောင် သို့တက်ရောက်ခဲ့သည်။
သျှမ်းပြည်နယ်နေ့သည် ၁၉၄၇ ဖေဖေါ်ဝါရီ ၁၂ ရက် ပြည်ထောင်စုနေ့ မတိုင်မီ ၅ ရက်အလိုတွင် သျှမ်းစော်ဘွား ကိုယ်စားလှယ် ရ ဦး၊ လူထု ကိုယ်စားလှယ် ရ ဦး တို့ စုပေါင်း၍ သျှမ်းပြည်ကောင်စီ ဖွဲ့စည်းနိုင်သည့်နေ့ကို ဂုဏ်ပြုသတ်မှတ်ထားခြင်းဖြစ်သည်။