သျှမ်းပြည်နယ် မြောက်ပိုင်း နမ့်ခမ်း မြို့နယ်အတွင်း သတ္တု တူးဖော်ရေး လုပ်ငန်း ပြန် လည်စတင် မည်ဆိုပါက ဒေသခံများ ထပ်မံ ဆန့်ကျင် ဆန္ဒပြ သွားမည်ဟု သတ္တု တူးဖော် ရပ်တန့်ရေး ဆန္ဒပြ ခေါင်းဆောင်များထံမှ သိရသည်။
ဂျန္နဝါရီလ ၂၆ ရက်စွဲဖြင့် နေပြည်တော် ပြည်ထောင်စုဝန်ကြီး သတ္တုတွင်းဝန်ကြီးဌာနမှ ကုမ္မဏီအား သလင်းကျောက် (သတ္တုကျောက်)တူးဖော် သယ်ဆောင်ခွင့် (၃) လ ပါမစ်ချပေးလိုက်သည့်အပေါ် တရုတ်နိုင်ငံမှ သတ္တုကျောက်တင်ကား အများအပြား နမ့်ခမ်းသို့ဝင်ရန် စီစဉ်ထားသည်ကိုတွေ့ရ ကြောင်း သတ္တုတူးဖော်ရပ် တန့်ရေးဆန္ဒပြ ခေါင်းဆောင် စိုင်းဆမ်မွန် ကဆိုသည်။
“နေပြည်တော်ကနေ သတ္တုသယ်ဆောင်ခွင့်ပါမစ် အမှန်တကယ်ချပေးရင်တော့ တရုတ်ကျောက် တင်ကား တွေ လာ ရောက်တင်ဆောင်တော့ မယ်၊ ကျောက်တင် ကားတွေဝင်လာရင် နမ့်ခမ်း ဒေသ ခံပြည်သူလူထု ဟာ ပြသနာပေါင်းစုံ ထပ်မံကြုံတွေ့ရတော့မယ်။ ဒါကြောင့် နမ့်ခမ်းလူထုနဲ့အတူ ကျနော်တို့ သတ္တုတူးဖော်မှုရပ်တန့်ရေးအတွက် ဆန္ဒပြပွဲတွေ ဆက်လက်ဆင်နွဲသွားမယ်” ဟု ၎င်းက သျှမ်းသံတော်ဆင့် အားပြောသည်။
နမ့်ခမ်းမြို့နယ်အတွင်း သတ္တုတူးဖော်မှုကြောင့် ဒေသခံများ၏ စိုက်ပျိုးမြေ များပျက်စီးဆုံးရှုံး ခြင်း မြစ်ချောင်းများ တိမ်ကော ခြင်းကြောင့် ယမန်နှစ် စက်တင်ဘာလ ၅ ရက်နေ့က နမ့်ခမ်းဒေသခံ ၃၀၀၀ ကျော်မှ သတ္တုတူးဖော်မှုရပ်တန့်ရေး ဆန္ဒပြ တောင်းဆိုခဲ့ကြသည်။
ဆန္ဒပြပွဲအပြီး နမ့်ခမ်းမြို့နယ်အုပ်ချုပ်ရေးက သတ္တုတူးဖော်ရေး ယာယီရပ်တန့်ရန် အမိန့် စာတစ်စောင် ထုတ်ပေး ခဲ့ရာ ယနေ့အထိ အမိန့်စာပြန်လည် ရုပ်သိမ်းခြင်းမရှိသေးပေ။
“ခုချိန်မှာ နေပြည်တော်အစိုးရ ကနေသယ်ဆောင်ခွင့်ပါမစ်ချပေးနေသည့်စာကို ကျနော်တို့ မြင်တွေ့လိုက် ရပြီး နောက် နေပြည်တော်အစိုးရအဖွဲ့က ကျနော် တို့နမ့်ခမ်းပြည်သူများနဲ့ တောင်သူလယ်သမားများခံစားရ တဲ့အခက်အခဲများ ဆုံးရှုံး မှုများကို လျစ်လှုရှုနေတာဘဲဖြစ်တယ် ”ဟု ဆန္ဒပြခေါင်းဆောင်နောက် တစ်ဦး ဖြစ်သည့်စိုင်းကျော်တင့်ကပြောဆိုသည်။
နေပြည်တော်အစိုးရအဖွဲ့မှ ထုတ်ပေးသည့် သတ္တုသယ်ဆောင်ခွင့်ပါမစ်စာမှာ ဂျန္နဝါရီလ ၂၆ ရက်နေ့ က မြို့နယ် အုပ်ချုပ်ရေးမှူး၊ မြို့နယ်အထောက် အကူပြု အဖွဲ့နှင့်ပြည်သူ့လွှတ်တော်အမတ် ဦးစိုင်းတင်ဦးတို့ ထံ ရောက်ရှိနေ ကြောင်း နမ့်ခမ်းမြို့ရှိ နိုင်ငံရေးပါတီအသိုင်းအဝိုင်းထံမှ သိရသည်။