ကျောက်မီးသွေး တူးဖေါ်ရေး စီမံကိန်း ရပ်ဆိုင်းပေးရန် RCSS ထံ သံဃာနှင့် လူထု တောင်းဆို

ကျောက်မီးသွေး တူးဖေါ်ရေး စီမံကိန်း ရပ်ဆိုင်းပေးရန် RCSS ထံ သံဃာနှင့် လူထု တောင်းဆို
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည်နယ်အလယ်ပိုင်း မိုင်းကိုင်မြို့နယ် အတွင်းရှိ ကျောက်မီးသွေးများ တူးဖေါ်ရန် ပြင်ဆင်နေသည့် ကုမ္မဏီများ၏ လုပ်ငန်း စီမံကိန်းများ အားလုံး ရပ်ဆိုင်း ပေးရန် သျှမ်းပြည် တပ်မတော် RCSS/SSA ထံ သံဃာထု နှင့် လူထု ၂၀၀ ကျော်က စုပေါင်း လက်မှတ်ရေးထိုး တောင်းဆို လိုက်သည်။

သျှမ်းပြည်နယ်အလယ်ပိုင်း မိုင်းကိုင်မြို့နယ် တောင်ဘက် ဝမ့်ယတ်ကျေးရွာအုပ်စုနှင့် ဝမ့်ဟွေ့ကျေးရွာအုပ်စုအတွင်း ဒေသခံတောင်သူလယ်သမားများ၏ လယ်၊ ယာ၊ စားကျက်မြေ၊ ထင်းရှူးတော အပါအဝင် မြေ ဧက ၅၀၀ ကျော် သိမ်းပိုက်၍ ကျောက်မီးသွေးတူးဖေါ်သယ်ယူနေသော ကုမ္မဏီများအား တားမြစ်ပေးရန် တောင်းဆိုခဲ့ခြင်းဖြစ်သည်။

002-coal

နိုဝင်ဘာ ၁၂ ရက်က မြို့ နယ် သံဃာနာယက ဆရာတော် အပါအဝင် သံဃာတော် ၁၁ ပါး၊ ဒေသခံလူထု ၂၂၉ ယောက် တို့က စုပေါင်း လက်မှတ်ရေးထိုးပြီး တောင်ကြီးမြို့ သျှမ်းပြည်တပ်မတော် ကိုယ်စားလှယ်ရုံးသို့ တိုင်ကြားတောင်းဆိုခဲ့သည်။

 “တိန်းချောင်း ရေထွက်လေ ဒီဒေသက။ ကျောက်မီးသွေးတူးဖေါ်တယ်ဆိုတော့ စားကျက်မြေတွေ၊ ထင်းရှူး တောတွေ၊ အကုန်ပါသွားပြီလေ။ တိန်းချောင်းမှီခိုအားကိုးတဲ့ တောရိုင်းတိရစ္ဆာန်တွေ၊ အိမ်မွေးတိရစ္ဆာန်တွ လူတွေ  အားလုံးအတွက် ကျောက်မီးသွေးကနေထွက်တဲ့ ဓါတုအဆိပ်တွေသင့်ကုန်မှာ။ ဒါ့ကြောင့် သံဃာထု လူထု စုပေါင်းပြီးတောင်းဆိုရတာ” ဟု ဦးဆောင်လှုပ်ရှားသည့် စိုင်းခေးလိုင်းက ပြောသည်။

အဆိုပါဒေသသည် သျှမ်းပြည်တပ်မတော်လှုပ်ရှားသွားလာသည့် ဒေသဖြစ်သောကြောင့် သျှမ်းပြည်တပ် မတော်ထံ တင်ပြရခြင်းဖြစ်ကြောင်း၊ ကျားဖြူပါတီ ပြည်နယ်လွှတ်တော်အမတ် စိုင်းပန်ထံလည်း တင်ပြထားပြီးဖြစ် ကြောင်း၊ ထို့အတူ နိုင်ငံတော်အစိုးရ နှင့်သျှမ်းပြည်နယ်အစိုးရထံလည်း ထပ်မံတင်ပြတောင်းဆိုသွား မည်ဖြစ်ကြောင်း ပြောသည်။

“ကျနော်တို့ တိုင်းပြည်က မငြိမ်းချမ်းသေးဘူး။ ဒါ့ကြောင့် လူထုကို ဘေးအန္တရာယ်ပေးမယ့် ဘယ်စီမံကိန်းမဆို နိုင်ငံတော်အနေနဲ့ တူးဖေါ် ထုတ်ယူခွင့် မပေးအပ်သေးဘူး။ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေကောဘဲ ဒီကိစ္စအလေးအနက်ထားပြီးပိတ်ပင်တားမြစ်ထားရမယ်။ ဒေသခံလူထုအတွက် ဘာမှ အကျိုးအမြတ်မရှိဘူး ” သျှမ်းလူမှုအသင်းအဖွဲ့ ပြောရေးဆိုခွင့် စိုင်းဟော်ဆိုင် က ပြောသည်။

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော် RCSS/SSA ထံ မိုင်းကိုင်ဒေသခံများ တင်ပြ သည့်စာတွင် ကျောက်မီးသွေးစီမံကိန်းကြောင့် ရေအရင်းအမြစ်ပျက်စီးဆုံးရှုံးစေခြင်း၊ စားကျက်မြေ နှင့်လယ်ယာ များ ပျက်စီး ဆုံးရှုံးသည့်အတွက် ကျေးရွာအုပ်စုနှစ်ထက်မနည်း ဝမ်းရေးအခက်အခဲဖြစ်စေခြင်း၊ သဘာဝ ထင်းရှူး တောနှင့် တောတောင်ရေမြေများ ပျက်စီးစေသည်။

ထို့အပြင် အိမ်မွေးတိရစ္ဆာန်နှင့် တောရိုင်းတိရစ္ဆာန်များ၊ ရေနေ သတ္တဝါများ ထိခိုက် သေကျေစေခြင်း၊ မိုးရွာပါက ကျောက်မီးသွေးတွင်းမှ ထွက်ရှိ အညစ်အကြေးများ ချောင်းရေ နှင့် လယ်ယာမြေတွင်း စီးဝင်ခြင်းတို့ကြောင့် နမ့်တိန်းချောင်းအားမီခိုအားထားသည့် မိုင်းကိုင်မြို့နယ်၊ လဲချားမြို့နယ်၊ နမ့်ဇန်မြို့နယ်၊ ကျိုင်းတောင်းမြို့နယ်ခွဲ၊ မိုင်းပန်မြို့နယ်၊ လင်းခေးမြို့နယ်အတွင်းမှ ဒေသခံ လူထု အသက်အန္တရာယ်အထိ ထိခိုက်စေခြင်းတို့ကြောင့် ကျောက်မီးသွေး တူးဖေါ်ရေးစီမံကိန်းရပ်တန့်ပေးရန်  တောင်းဆို ခြင်းဖြစ်သည် ဟု ပေးစာအတွင်းပါရှိသည်။

Most read this week