သံလွင် အနောက်ခြမ်း UWSA ၀တပ်ဖွဲ့ ထိန်းချုပ် နယ်မြေ နှင့် ကပ်လျက် ရှိသည့် သျှမ်းပြည် တပ်မတော် SSPP/SSA တပ်စခန်းများ၊ လှုပ်ရှား စစ်ကြောင်း များအား ရုပ်သိမ်း ပေးရန် လုံခြုံရေး နှင့် နယ်စပ် ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးအောင်သူ ပေးပို့လာသည့် အိပ်ဖွင့် ပေးစာအား SSPP/SSA မှ ကန့်ကွက် ရှုပ်ချသည်ဟု ဆိုသည်။
“ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ UPWC နဲ့တွေ့တဲ့အခါ ကျနော်တို့ ကန့်ကွက် ကြောင်း ပြောမယ်။အဲလို ခဏခဏမလုပ်ပါနဲ့ ကျနော်တို့ ပြောမယ်။ သူတို့ဘက်ကလုပ်လာ ရင်လည်း ကျနော်တို့က ကန့်ကွက်သွား မယ်။ ” ဟု SSPP/SSA အထွေထွေ အတွင်းရေးမှူး စဝ်ခွန်ဆို်င် ကပြောသည်။
သျှမ်းပြည်တိုးတက်ရေးပါတီ/သျှမ်းပြည်တပ်မတော် SSPP/SSA ထံသို့ သျှမ်းပြည်နယ်အစိုးရ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး အောင်သူက အောက်တိုဘာ ၉ ရက်နေ့ က တပ်စခန်းများ ဆုတ်ပေးရန် စာရေးသားပေးပို့ခဲ့သည်။
“ကျနော်တို့ ဒီလွယ်လန်းနဲ့ နမ့်ဆီကျိန်စခန်းတွေက တောထဲမှာ ရှိတဲ့ စခန်းတွေ လေ။ ဘယ်သူ့ကိုမှလဲ အနှောင့် အယှက် မပေးဘူး။ လမ်းမကြီးမှာလဲ မဟုတ်ဘူး။ မြို့လဲမဟုတ်ဘူး။ တောထဲမှာ။ ဒါကြောင့် ကျနော်တို့တော့ မဆုတ်နိုင်ဘူး” ဟု စဝ်ခွန်ဆိုင်းကပြောသည်။
အလားတူ အောက်တိုဘာလ ၁၃ရက််နေ့ကလည်း ကျေးသီး- ၀မ့်ဝပ်- ခိုလောင်းတလျှောက်ရှိ SSPP တပ်များအားလည်း (သဘောတူညီ ချက် အတို်င်း) ကားလမ်းမှ ၃ မိုင်အကွာသို့ဆုတ်ပေးရန် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (ရလခ) တိုင်းက ထပ်မံ ညွှန်ကြားလာသည်ဟု SSPP ကပြောသည်။
“ကျေးသီး- ပန်စယ့်- လွယ်ယွဲ - ခိုလောင်းလမ်းမ တလျှောက်တဲ့။ ဒီလမ်းတွေက ၁၉၉၅ ခုကတည်းက ကျနော်တို့ လုပ်လာ တာဒီလမ်း။ အစိုးရလမ်းမဟုတ်ဘူး။ ပြီးတော့ ကျနော်တို့ သဘောတူထားတဲ့အတိုင်း လို့ ပြောလာတာ ဘာသဘောတူညီ ချက်တုန်း။ တခါမှ သဘော မတူထားရဘူး တပ်ဆုတ်ဖို့ဘာဖို့က။ ၂၀၀၅ တုန်းက ရိက္ခာအခက် အခဲရှိလို့ နမ့်ပုတ်မှာ လာနေပါရစေလို့ ဗမာစစ်တပ်က ကျနော်တို့ဆီကို တောင်းဆို လာပြီးတော့ ၃-၄ ယောက် လာပြီးစခန်းချပြီးနေတယ်။ အဲ့ကတည်းက ခုချိန်အထိဘဲနေနေတာ။ တပ်ကိုပြန်မ ဆုတ်တာ။ ကျနော်တို့ခင်းတဲ့ လမ်းမှာလာလဲ လာနေသေးတယ်။ ကျနော်တို့ကို ကျူးကျော်တယ်ဆိုပြီး တပ်ဆုတ်ခိုင်းတယ်။ ဒါတရားလားပေါ့။”
ဗိုလ်မှူးကြီး အောင်သူမှပေးပို့အကြောင်းကြားသည့်စာတွင် - သျှမ်းပြည်တပ်မတော်ကြောင့် ဒေသခံကျေးရွာ လူထုက ကြောက်ရွံ့ခြင်း၊ နေထိုင်လုပ်ကိုင်စားသောက်ရန် ခက်ခဲခြင်းတို့ဖြစ်ပေါ်နေသဖြင့် တပ်ဆုတ်ခိုင်းခြင်းဖြစ်သည်ဟု ပါရှိသည်။
ယခုကဲ့သို့ အစိုးရမှ တပ်ဆုတ်ခိုင်းခြင်းအကြောင်းနှင့်ပတ်သက်၍ နယ်စပ်ရေးရာ နို်င်ငံရေး လေ့လာသုံးသပ်သူ တစ်ဦးက “ ၀ ကို စစ်ရေးအရ ခြိမ်းခြောက်ချင်တာ ပါတယ်။ အခုဖယ်ခိုင်းတဲ့ လွယ်လန်းတို့ဘာတို့ဆိုတာ အမြင့်ပိုင်းမှာရှိတယ် ၊ အဲဒီကနေ ၁၅၅ မမ လောက်နဲ့ ထိုင်ထားမယ်ဆိုရင် ၀ နယ်ကို ခြိမ်းခြောက်လို့ရတယ်။ စစ်ရေးအရ အသာစီးရအောင်လုပ်နေတာ တွေကတော့ နိုင်ငံရေးအရ ရိုးသားမှုမရှိတဲ့ ခြေလှမ်းတွေလို့ ဆိုရမှာပါ” ဟုပြောသည်။
သျှမ်းပြည်တပ်မတော် SSPP/SSA နှင့် မြန်မာအစိုးရတို့သည် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး လက်မှတ်ရေး ထိုးထား ပြီးဖြစ်သည်။