ပန်ဆိုင်းတွင် မူးယစ် ဆေးဝါး သုံးစွဲသူ များအား ဒုတိယ အကြိမ် ဖမ်းဆီး

ပန်ဆိုင်းတွင် မူးယစ် ဆေးဝါး သုံးစွဲသူ များအား ဒုတိယ အကြိမ် ဖမ်းဆီး
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည် မြောက်ပိုင်း တရုတ် နယ်စပ် ပန်ဆိုင်းမြို့ ဒေသခံ လူငယ်များ ပူးပေါင်းပြီး မူးယစ် ဆေးဝါး သုံးစွဲသူနှင့် ရောင်းဝယ် ဖောက်ကားသူ များကို  ဒုတိယ အကြိမ် ဖမ်းဆီးမှု ပြုလုပ် ခဲ့ကြောင်းသတင်း ရရှိသည်။

ယခုဖမ်းဆီးမှုမှ မူးယစ်ဆေးရောင်းဝယ်သုံးစွဲသူ(၂၈)ဦးထပ်မံဖမ်းဆီးရမိကြောင်း၊ပထမအကြိမ် ဖမ်းဆီးမှုအားပြီးခဲ့သည့် စက်တင်ဘာလ ၄ ရက်နေ့ကပြုလုပ်ရာတွင် မူးယစ်ဆေးရောင်းဝယ်သုံး စွဲသူ (၃၄) ဦး ဖမ်းဆီးရမိကြောင်း သုံးစွဲသူအများစုမှာ သျှမ်းလူငယ်များဖြစ်ကြကြောင်း ပန်ဆိုင်း လူငယ် ခေါင်းဆောင် စိုင်းသျှိုင် က ဆိုသည်။

Pangsai

“ကျနော်တို့  ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေကို အဖမ်းခံရသူနဲ့ မိဘအုပ်ထိန်းသူတို့ရှေ့မှာ မီးရှို့ဖျက်ဆီးတယ်၊ ဖမ်းမိတဲ့ငွေကြေးတွေကိုတော့ ကျနော်တို့ ပန်ဆိုင်းမူးယစ်ဆေးဝါး တိုက်ဖျက်ရေး အဖွဲ့ ရံပုံငွေထဲ ထည့်လိုက်ပါတယ်” ဟု ၎င်းကပြောသည်။

ပန်ဆိုင်းမြို့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့ကို ၂၀၁၄ စက်တင်ဘာလဆန်းပိုင်းတွင် မူးယစ်ဆေး ၀ါး တိုက်ဖျက်လိုသည့် လူငယ်များက ဖွဲ့စည်းတည်ထောင်ထားကြောင်း တရားဝင် အဖွဲ့အစည်း  ဖြစ်အောင် သက်ဆိုင်ရာအာဏာပိုင်ထံ စာတင်ထားကြောင်း ပန်းဆိုင်းမြို့ခံ လုံးဆွဲ့ ကဆိုသည်။

“ စက်တင်ဘာလ ကတည်းက ခုချိန်ထိ ကျနော်တို့အဖွဲ့  မူးယစ်ဆေးတိုက်ဖျက်ရေး လှုပ်ရှားမှု ပြုလုပ်လာတယ်။  ကျနော်တို့ဒေသထဲမှာ မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသူ ယခင်ထက် လျော့နည်းသွားတယ် ၊ လုပ်ငန်းသဘောအရ အောင်မြင်တယ်လို့ ဆိုရမှာပဲ ၊ ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေကတော့ စိတ်ကြွဆေး(ယာဘ) ၊ဘိန်းဖြူ နဲ့ ဘိန်းမဲ တွေဖြစ်ပါတယ်”  ဟု ၄င်းက သျှမ်းသံတော်ဆင့် အားပြောသည်။

ပထမအကြိမ်နှင့်ဒုတိယအကြိမ် ဖမ်းဆီးရမိသော မူးယစ်ရောင်းဝယ်သုံးစွဲသူများကို ပြစ်ဒဏ် ပေးပြီးနောက်  နောက်နောင်မူးယစ်ဆေးဝါးမရောင်းဝယ်ရန်၊ မသုံးစွဲရန် ဆုံးမပြောဆိုပြီး ပြန်လွှတ်ပေးခဲ့ကြောင်း ၊ နောက်တစ် ကြိမ် ထပ်မံဖမ်းဆီးရမိပါက အစိုးရအာဏာပိုင်သို့ အပ်နှံ မည်ဟုလည်း ပြောဆိုသတိပေးထားကြောင်း ပန်းဆိုင်းမြို့ရှိ သျှမ်းစာ/ယဉ်အဖွဲ့ တာဝန်ရှိသူ တစ်ဦးကဆိုသည်။

ပန်ဆိုင်းမြို့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့ကို ပန်ဆိုင်းမြို့ရှိ သျှမ်းစာ/ယဉ်အဖွဲ့ မှဦးစီးပြီး  မုံးကိုး ပြည်သူ့စစ်တပ်ဖွဲ့နှင့် ရပ်မိရပ်ဖများလည်း ပါ၀င် လှုပ်ရှားကူညီကြသည် ဟု ဒေသခံ များ ထံမှ  သိရသည်။

Most read this week