သျှမ်းပြည် တောင်ပိုင်း ကျေးလက် ဒေသ ဖွံ့ဖြိုးရေး အဖွဲ့ SSLDO မှ သျှမ်းပြည် တောင်ပိုင်း မြို့နယ် အများအပြားတွင် ကျေးလက် ဒေသ ဖွံ့ဖြိုး ရေးအတွက် အလုပ်ရုံ ဆွေးနွေး ပွဲများ ပြုလုပ် နေကြောင်း သိရသည်။
ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ ဒီဒေသတွေဘာကြောင့်မပါ၀င်တာလည်းဆိုတာကို သွားရောက်လေ့လာပြီး ဒေသခံလူထုတွေနဲ့ ဆွေးနွေးခဲ့တာဖြစ်ပါတယ်။ ဟု SSLDO နှင့်လက်တွဲကာ ဆွေးနွေးပွဲပြုလုပ်ပေးခဲ့သော ကျွန်းတစ်ထောင်မြေဖောင်ဒေးရှင်းမှ နန်းဝါနုကပြောသည်။
သျှမ်းပြည်တောင်ပိုင်း ဒေသဖွံ့ဖြိုးရေးအဖွဲ့ ( SSLDO ) ၊ ကျွန်းတစ်ထောင်မြေဖောင်ဒေးရှင်း နှင့် မေတ္တာရေးဖောင်ဒေးရှင်း အဖွဲ့တို့ ပူးပေါင်းကာ လွိုင်လင်ခရိုင်၊ လင်းခေးခရိုင် နှင့် ( ပင်လုံ ၊ ကွန်ဟိန်း ၊ မိုးနဲ ၊ လင်းခေး ကျေးသီး ) မြို့နယ်များသို့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် သြဂတ်စ်လကတည်းက ကွင်းဆင်းကာ ဆွေးနွေးပွဲများ ပြုလုပ်သွားခဲ့ခြင်း ဖြစ်သည်။
ဆီဆိုင်မြို့နယ် နောင်မွန်ကျေးရွာအုပ်စု နောင်ခမ်းရွာတွင််လည်း ပထမအကြိမ် သင်တန်းရိပ်သာကို စက်တင်ဘာလ ၆ ရက်နေ့က ဖွင့်လှစ်ခဲ့သည်ဟုဆိုသည်။
မေတ္တာရေးဖောင်ဒေးရှင်းအဖွဲ့ဝင်ဖြစ်သော မစန်းဝေက " ကျမတို့ ဒီကျေးလက်ဒေသဖွံ့ဖြိုးရေးနဲ့ပတ်သက်ပြီးတော့ သင်တန်းရိပ်သာ ၃ နေရာဖွင့်ထားပါတယ်။ မြစ်ကြီးနား၊ ပဲခူး နဲ့ နောင်ခမ်း မှာပါ ။ ဒေသတွင်းလူထုရဲ့လိုအပ်ချက်တွေကိုလည်း လေ့လာရင်းပေါ့ " ဟု သျှမ်းသံတော်ဆင့်အား ပြောပြသည်။
ဆွေးနွေးပွဲပြုလုပ်ရသည့် ရည်ရွယ်ချက်မှာ လူ့စွမ်းအားတိုးတက်ဖွံ့ဖြိုးရေးနှင့်ဒေသအတွင်းဖွံ့ဖြိုးရေးအတွက် ပညာရေး ၊ ကျန်းမားရေး၊ လူမှုရေး၊ စီးပွားရေး ၊ လမ်းပန်းဆက်သွယ်ရေး ၊ ဒေသအတွင်းထွက်ကုန်များ စျေးကွက်ရရှိရေးနှင့် ဘိန်းအစားထိုးသီးနှံ စိုက်ပျိုးရေးအစရှိ ဒေသခံများ၏ လိုအပ်ချက်များကို ရည်ရွယ်ချက်တူညီသောပုဂ္ဂိုလ်များ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်သွားရန် ဖြစ်သည်ဟုလည်းသိရှိရသည်။
" ကျနော်တို့ပင်လုံမြို့မှာလည်း မေတ္တာရေးဖောင်းဒေးရှင်းဖြစ်မြောက်ပြီး လက်တွေ့အလုပ်လုပ်သွား နိုင်ဖို့အတွက် နောင်ခမ်းကျေးရွာမှာသင်တန်းဖွင့်နေတဲ့ ကျွန်းတစ်ထောင်မြေဖောင်းဒေးရှင်းနာယက ကွန်ဟိန်းပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းဝါနု နဲဲ့ သွားရောက်ဆွေးနွေးခဲ့ပါသေးတယ် " ဟု ပင်လုံမြို့ရပ်ကွက် ၄ အုပ်ချုပ်ရေးမှူးဖြစ်သော လုံးစိုင်းရွက်တိုင်းက ပြောသည်။
" ဒီဆွေးနွေးပွဲကို တက်လိုက်ရတဲ့အတွက် ကျမတို့အတွက် ဗဟုသုတကြွယ်ဝစေပါတယ် ၊ ကျမတို့ စိုက်ပျိုးရေးအပိုင်းတွေမှာ ဆိုရင်လည်း ဓာတ်မြေသြဇာမသုံးဘဲ သဘာဝမြေသြဇာတွေသုံးဖို့ စတာတွေပေါ့နော်။ အခုနောက်ပိုင်း သဘာဝမြေသြဇာတွေကို တော်တော်များများပြန်သုံးလာနေတာတွေ့ရပါတယ်" ဟု ဆွေးနွေးပွဲ တက်ရောက်သူတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။
သျှမ်းပြည်တောင်ပိုင်း ကျေးလက်ဒေသ ဖွံ့ဖြိုးရေးအဖွဲ့ကို ၁၉၉၈ ခုနှစ်က စတင်ဖွဲ့စည်းပြီး ၂၀၀၃ ခုနှစ်ကတည်းကစပြီး ကျေးလက်ဒေသခံ ရွာသူ/သားများအား စိုက်ပျိုးရေး၊ လူမှုရေး စီးပွါးရေး စသည့် သင်တန်းများ ပေးသွားကြောင်းသိရှိရသည်။