သမီး ရည်းစား တတွဲအား ပြည်သူ့ စစ်ဝတ်စုံ ဖြင့် လူ ၂ ယောက် ဖမ်းဆီး ရိုက်နှက်

သမီး ရည်းစား တတွဲအား ပြည်သူ့ စစ်ဝတ်စုံ ဖြင့် လူ ၂ ယောက် ဖမ်းဆီး ရိုက်နှက်
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည် မြောက်ပိုင်း မူစယ် မြို့နယ်  ဇယ်လန့် အုပ်စု နမ့်ဇန့် ရွာတွင် သမီး ရည်းစား စုံတွဲအား ဌာနေ ပြည်သူ့ စစ် ဝတ်စုံ ဝတ်ဆင် ထားသည့် တပ်ဖွဲ့ဝင်က ဖမ်းဆီး ရိုက်နှက် သဖြင့် ၂ ဦးစလုံး ဒဏ်ရာ ရရှိခဲ့ကြောင်း စုံစမ်း သိရှိ ရသည်။

“ နမ့်ဇန့်ရွာက လော်ဂျာနဲ့ မာပန် သမီးရည်းစားက ည ၁၀ နာရီကျော် ရွာစပ်က တဲတခုမှာ ချိန်းတွေ့ကြ တယ်။ အဲ့ဒီအချိန်မှာ ပြည်သူ့စစ်ဝတ်စုံနဲ့လူ ၂ ယောက်က သူတို့၂ ယောက်ကိုတွေ့ပြီး ဖမ်းဆီးလက် ထိပ်ခတ်တယ်။ ကောင်လေးကို ပါးစပ်တွေပိတ် မျက်လုံးတွေပိတ်စည်းထားတယ်။  အရိုက်ခံရလို့ ၂ ယောက်စလုံးမှာ တကိုယ်လုံး ညိုမည်း ဒဏ်ရာတွေနဲ့။ သူတို့ ၂ ယောက်လုံးရဲ့ လက်ဝတ်ရတနာတွေ ချွတ်ယူပြီး သူတို့ရဲ့ အဝတ်အစားတွေကိုလည်း စုတ်ပြတ်အောင် ဖြတ်ညှပ်ထားတယ်။” ဟု မူစယ်မြို့နယ် လုံးအိုက်ကျော် ကပြောသည်။

tmmg

အဆိုပါ လူငယ်အတွဲထံမှ ငွေကျပ် ၃ သောင်းကျော်နှင့် အဖိုးတန် ရွှေလက်စွပ် ၃ ကွင်းကိုပါ ပြည်သူ့ စစ်တပ်ဖွဲ့က ဓါးပြတိုက်ယူဆောင်သွားခဲ့ကြောင်း လွှတ်မြောက်လာသည့်လူငယ်စုံတွဲက ပြောပါသည်။

“  ပြည်သူ့စစ် ၂ ယောက်က နောင်စန့်ရွာကဘဲ။ သူတို့ကို မြင်ဖူး သိဖူးနေတာဘဲ  တယောက်က ဗမာ တယောက်က တအာင်း၊ ကောင်မလေးကို ပြည်သူ့စစ်တယောက်က အဓမ္မပြုကျင့်မလို့ဆွဲလားရမ်းလား လုပ်တော့  တအာင်းက ဗမာကိုပြောတယ်။ ကောင်မလေးက ငယ်သေးလို့ မလုပ်ပါနဲ့ တားတယ်။ ဗမာတယောက်က နားမထောင်ဘူး။ ဒါပေမယ့် ကောင်မလေးက အလျှော့မပေးဘူး။ အတင်းရုန်းကန် ထွက်ပြေးတယ်။ ပြည်သူ့စစ် ၂ ယောက်က လိုက်ရိုက်လို့ မျက်လုံးတွေမှာ မျက်နှာတွေ မှာပါ မည်းညို နေတာ။ မုဒိန်းကျင့် မခံရတာကံကောင်းသွားတယ် ” ဟု  လူငယ် ၂ ဦး၏ ပြောပြချက်အတိုင်း အမျိုး တော်စပ်သူတဦးက သျှမ်းသံတော်ဆင့်အား ပြန်လည်ပြောပြသည်။

နမ့်ဇန့်ရွာသည် မူစယ်-နမ့်ခမ်း အသွားလမ်း ဇယ်လန့်အုပ်စုအတွင်းတွင်တည်ရှိပါသည်။ အဆိုပါဒေသ တွင် နမ့်ခမ်းမြို့ မြို့မပြည်သူ့စစ်လက်အောက်ခံ နမ့်ဇန့်ရွာအခြေစိုက် ပြည်သူ့စစ်ကပင် လှုပ်ရှားနေခဲ့ ပါသည်။

သို့သော်အဆိုပါပြည်သူ့စစ်၏လက်ချက် ဟုတ်မဟုတ်ကိုမူ သျှမ်းသံတော်ဆင့်မှ သီးခြားအတည်ပြုချက် မရရှိသေးပေ။