သျှမ်း - ကချင်နယ်စပ် မန်စီမြို့နယ် မန့်ဝိန်းကြီးကျေးရွာအုပ်စု လွယ်ဟိုဆေ ဒေသအတွင်း မြန်မာအစိုး ရ စစ် တပ်က ကချင် လွတ်လပ်ရေး တပ်မတော် KIA အား ယမန်နေ့ နံနက်ပိုင်း မှစ၍ ထိုးစစ်ဆင် တိုက် ခိုက်သောကြောင့် ဒေသခံ ၁၀ ရွာ ထက်မနည်း ထွက်ပြေး တိမ်းရှောင် နေရကြောင်း သတင်း ရရှိသည်။
KIA ၏ တပ်မဟာ ၃ နယ်မြေအား ထိုးစစ်ဆင်တိုက်ခိုက်သည့် အစိုးရတပ်မှာ မကွေးအခြေစိုက် တပ်မ ၈၈ ဖြစ်ကြောင်း၊ စစ်ကြောင်း ၃ ကြောင်းဖြင့် သုံးဘက်သုံးတန် ထိုးစစ်ဆင်ကာ လက်နက်ကြီး များစွာ ဖြင့်လည်း ပစ်ခတ်ခဲ့ကြောင်း ဒေသအတွင်း KIA တပ်မှူးတစ်ဦးက ပြောသည်။
"ခုထိတော့ ၂ ဖက်စလုံးက ပစ်ခတ်နေတုန်းပဲ၊ သူတို့ဘက်က အကျအဆုံးများမယ်။ကျနော်တို့တပ်ဖွဲ့က အသေအချာနေရာယူထားတော့ ပြသနာမရှိဘူး။ လယ်ကွင်းထဲကနေ ဗမာစစ်ကြောင်းတက်လာတာ ကျနော်တို့ ကောင်းကောင်းမြင်ရတာဘဲ။ အခုသူတို့ဘက်က ၄၀ ကျော် ဒဏ်ရာရပြီး နမ့်ခမ်းဆေးရုံ ရောက်နေတယ်ကြားတယ် "ဟု အဆိုပါ KIA တပ်မှူး ကဆိုသည်။
ယမန်နေ့ နေ့လယ်ပိုင်းက အစိုးရတပ်မှ ပစ်ခတ်လာသော လက်နက်ကြီး တစ်လုံး မန့်စန်းရွာရှိ စာသင် ကျောင်း ဆောင်အား ပေါက်ကွဲထိမှန်ကြောင်း၊ သို့သော် တဦးတယောက်မျှ ထိခိုက်ဒဏ်ရာရခြင်း မရှိကြောင်း တရုတ်နယ်စပ်ရောက် မန့်စန်းရွာသား စိုင်းယီကဤကဲ့သို့ပြောသည်။
"ကျနော်တို့ရွာက တရုတ်ပြည်ထဲ ပြေးရှောင်တာ ရွာလုံးကျွတ်ပဲ၊ တချို့က တရုတ်ပြည်မှာအမျိုးရှိရင် အမျိုး အိမ်မှာသွား ပြီးမှီခိုတယ်၊ အမျိုးမရှိတဲ့သူတွေကျတော့ နမ့်လောဝ် ဘုန်းကြီးကျောင်း ဇရပ်နဲ့ နောင် တောင်း ဘုန်းကြီးကျောင်းဇရပ်ထဲမှာ နေကြရတယ်၊ ထွက်ပြေးလာတဲ့ရွာက ၁၀ ရွာလောက် ရှိတယ်။ လူဦးရေ တစ်ထောင် ကျော်တယ်။ မနေ့ညက တရုတ်ဘက်ခြမ်းကို တရုတ်အာဏာပိုင်တွေက ကူးခွင့်မပေးတော့ ကူးတို့ဆိပ်တွေမှာ စစ်ဘေးရှောင်ရွာသားတွေသွားပြီး စုပြုံနေတယ်" ဟု သျှမ်းသံတော်ဆင့်သို့ပြောသည်။
တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်ရသော ရွာများမှာ မန့်ဟွေ့၊ မန့် မောန်း၊ ဟိုဟင်၊ ကောင်းနောင်၊ ကွန်ကျိုင်း၊ နောင်လုတ် ၊ နောင်လုမ်၊ စွန်ခါး စသည့် ကျေးရွာများဖြစ်သည်ဟု ဆိုသည်။