ဖြစ်ပွား နေသော တိုက်ပွဲများ ရပ်တန့်ရေး နှင့် အနာဂတ် တိုင်းပြည် ငြိမ်းချမ်းရေး အတွက် ဝ ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် UWSA နှင့် RCSS/SSA တို့ လက်တွဲ ဖေါ်ဆောင် သင့်သည်ဟု ဒုတိယ ဗိုလ်ချုပ်ကြီး ယွက်စစ်က ပြောကြား လိုက်ပါသည်။
၂၀၁၄ ဧပြီ ၂ ရက်မှ ရ ရက်အထိ ဝ ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် သျှမ်းပြည် ပြန် လည် ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော် RCSS/SSA တို့ကြား တိုက်ပွဲ အကြိမ်ကြိမ် ဖြစ်ပွားခဲ့မှုနှင့်ပတ်သက်၍ ဒုတိယ ဗိုလ်ချုပ်ကြီးယွက်စစ်က ပြောဆိုလိုက်ခြင်းဖြစ်ပါသည်။
“တိုက်ပွဲဖြစ်ခဲ့တာက အစီအစဉ်ရှိလို့ မဟုတ်ဘူး၊ ဝ အတွက် ပုံမှန်လှုပ်ရှားတဲ့ဒေသမဟုတ်တဲ့ သံလွင် အနောက်ခြမ်းကိုကူးလာတဲ့ကိစ္စ ကျနော်တို့နဲ့ တိုင်ပင်ညှိနှိုင်းခဲ့ရင် ပြဿနာဘယ်ဖြစ်မလဲ။ ဝ နဲ့ ကျနော်တို့က ပြိုင်ဘက်မဟုတ်ဘူး။ ငြိမ်းချမ်းရေးမှာလဲ လက်တွဲလုပ်ရမှာ။ ငြိမ်းချမ်းရေးပျက်သွားခဲ့ ရင်တောင်မှ အတူလက်တွဲပြီး တိုက်ပွဲဝင်ရမှာ၊ ဒီကိစ္စ ဝ ခေါင်းဆောင်တွေကိုလဲ အကြောင်းကြား ပြီးပါပြီ” - ဟု RCSS/SSA ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်ကြီးယွက်စစ် ကပြောသည်။
နှစ်ဘက် ဆွေးနွေး ညှိနှိုင်းမှုကြောင့် ဧပြီ ၉ ရက်နေ့က တိုက်ပွဲများရပ်တန့်နိုင်ခဲ့သည်ဟု နှစ်ဘက်တပ်မှူး များက ပြော သည်။
ဝ ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ၏ တောင်ပိုင်း ဝ တပ်ဖွဲ့ အမှတ် ၁၇၁ လက် အောက်ခံ ၊ အမှတ် ရ၇၂ တပ်မဟာမှူး ရန်ကော်ကျုံးက ‘ RCSS/SSA ကို တိုက်ချင်လို့ တော့မဟုတ် ဘူး။ အခုလိုဖြစ်ပွားတာဟာ ရွှေမှော် နဲ့ သစ်လုပ်ငန်းလုံခြုံရေးအတွက် တာဝန်ယူပေးတပ် ဖွဲ့တွေ နားလည်မှုလွှဲမှားလို့ ဖြစ်ရတာ ’ ဟု ပြောပါသည်။
သျှမ်းပြည်တောင်ပိုင်း မိုင်းပန်မြို့နယ် ဟိုပန် ဟိုခိန်း ဒေသ (သံလွင်မြစ်အနောက်ခြမ်း) အတွင်း သစ်ခုတ်ခွင့် ပါမစ် (သစ်တန်ချိန် သိန်းဂဏန်း)၊ သံလွင်မြစ်အတွင်း ရွှေကျင်ယူခွင့် တို့ကို မြန်မာ အစိုးရက ဝ တပ်ဖွဲ့အား လုပ်ကိုင်ခွင့်ပေးရာမှ ဝ တပ်ဖွဲ့ နှင့် RCSS/SSA တို့ ထိပ်တိုက်ရင် ဆိုင်မှုဖြစ်ပွါးခဲ့ခြင်းဖြစ် သည်။
၎င်းတပ်ဖွဲ့နှစ်ခုလုံးသည် နေပြည်တော် အစိုးရနှင့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးလက်မှတ်ထိုး ထားသည့် တပ်ဖွဲ့များဖြစ်ကြသည်။