သျှမ်းပြည် တောင်ပိုင်း မိုင်းပန်မြို့နယ် အတွင်း သံလွင် အရှေ့ခြမ်း မှ အနောက်ဘက် ခြမ်းသို့ ကူးကာ ရွှေ တူးဖေါ် နေသည့် UWSA ဝ တပ်ဖွဲ့နှင့် RCSS/ SSA တို့ ရင်ဆိုင် တိုက်ပွဲ ဖြစ်ပွါး ခဲ့သည်ဟု ဆိုသည်။
ဧပြီလ ၂ ရက်နေ့က သျှမ်းပြည်တောင်ပိုင်း မိုင်းပန်မြို့ အရှေ့တောင်ဘက် သံလွင်မြစ်အနောက်ခြမ်း ကူးကာ ရွှေတူးဖေါ်သည့် ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် RCSS/SSA တို့ ရင်ဆိုင် တိုက်ပွဲ ဖြစ်ပွါးခဲ့သည်။ တိုက်ပွဲတွင် RCSS/ SSA ဘက်မှ လက်နက်ကြီးငယ် သုံးလက်ထက်မနည်း သိမ်း ဆည်းရရှိကြောင်း၊ လူသေလောင်းလဲ တွေ့ရှိကြောင်း မိုင်းပန်ဒေသခံပီစိုင်းကပြောသည်။
“တာချီလိတ်မြို့ရောက် RCSS/ SSA ကစဝ်စိုင်းလူး က ဝ တပ်ဖွဲ့ဌာနချုပ် ပန်ဆန်းကို အဲဒီ ကိစ္စနဲ့ပတ်သက်ပြီး သတင်းပေးပို့အကြောင်းကြားလိုက်ပြီ။ ဝ တပ်ဖွဲ့မှန်း ကျနော်တို့မသိဘူး၊ ရွှေလာတူးနေတာဘယ်သူလဲပေါ့၊ စုံစမ်းဖို့အသွားလမ်းမှာထိပ်တိုက် တိုက်ပွဲ ဖြစ်တော့တာပဲ” - ဟု အမည်မဖေါ်လိုသည့် ဌာနချုပ် အရာရှိ တဦးကပြောသည်။
သီးခြားအတည်ပြုချက်မရသေးသည့် သတင်းအရ မြန်မာအစိုးရတပ် နှင့် ၀ ပြည်သွေးစည်းတပ်မတော် တို့ ပူးပေါင်းကာ သျှမ်းပြည်တပ်မတော် RCSS/SSA တပ်စခန်းအား ဖေဖေါ်ဝါရီလ နှောင်းပိုင်းကလည်း တိုက်ခိုက်ခဲ့သေးသည်ဟု ဆိုသည်။
ယမန်နှစ်ကလည်း နယ်မြေကျူးကျော်မှုကြောင့်ဟုဆိုကာ RCSS/SSA ၏ လူ အင်အား ၃၀ ခန့်ကို ဝ ပြည်သွေး စည်းညီညွတ်ရေးတပ်မတော်က ဖမ်းဆီးကာ ပန်ဆန်း ဌာနချုပ်သို့ ပို့ဆောင်ခဲ့ဖူးသည် ဟု ဆိုသည်။