၁၉၉၆ မှ စ၍ ယနေ့အထိ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များ အပေါ် အစိုးရ ထိုးစစ်ဆင် တိုက်ခိုက်မှုသည် သတ္တု တူးဖေါ်မှု၊ ရေကာတာ တည်ဆောက်မှုများနှင့် အဓိက ပတ်သက် ဆက်နွယ်နေကြောင်း သျှမ်းလူထု အခြေပြု လူမှုအဖွဲ့ အစည်း က ပြောလိုက်ပါသည်။
“သံလွင်မြစ်တလျှောက်က ရေကာတာဆောက်မယ့်နေရာတိုင်းမှာ မအေးချမ်းတာကို လေ့လာတွေ့ရှိရ တယ်။ ဒါတင်မက ကချင်ပြည်နယ် မြစ်ဆုံရေကာတာကိုလည်း ကြည့်ပြန်ရင်လည်း တိုက်ပွဲတွေဖြစ်နေတယ်။ ကချင်တပ်မတော်နဲ့ အစိုးရတပ်မတော် အပစ်ရပ်တာကြာလှပြီ။ ဘာအကျိုးအမြတ်ရသလဲ။ ကားလမ်းတောင် မကောင်းဘူး။ ရေကာတာစီမံကိန်းလည်းစရော တိုက်ပွဲတွေလည်း ပြန်ဖြစ်ရောဘဲ” ဟု အဖွဲ့ပြောခွင့်ရ စိုင်းခေးဆိုင်က ပြောသည်။
“ရေကာတာလုပ်တဲ့နေရာတွေကိုလေ့လာကြည့်ရင် သစ်၊ ရွှေ၊ အန်တီမိုနီ တွေထွက်သည်သာများတယ်။ ဒါကြောင့် ရေကာတာ ဆောက်မယ့်နေရာနားက လူထုတွေ၊ လက်နက်ကိုင်တပ်ဖွဲ့တွေကို အစိုးရက ရှင်းပစ်တယ်။ တိုက်ထုတ်ပစ်တယ်။ အဲဒီနေရာတွေကိုသူ စိုးမိုးထားမယ်။ ဒါကြောင့် ကြည့်ရင် ရေကာ တာဆောက်တဲ့နေရာတွေဟာ စစ်ရောက်တာဘဲ။ စစ်ရောက်တဲ့နေရာ တိုက်ပွဲဖြစ်ပွါးတဲ့နေရာ မအေး ချမ်းတဲ့နေရာတွေ ဖြစ်တယ်” ဟုလည်း ၎င်းက ဆက်လက်ပြောပြသည်။
တဖက်ကလည်း မတ်လ ၁၇ ရက်က သျှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့နယ်တွင် မြန်မာနိုင်ငံ လျှပ်စစ်စွမ်း အင်ဝန်ကြီး ဌာနနှင့် ရေကာတာတည်ဆောက်မည့် ကုမ္မဏီများက ဒေသတွင်းလူထု ၁၀၀ ရွာ အားခေါ်ယူကာ ရေကာတာတည်ဆောက်မှုနှင့်ပတ်သက်သည့် စည်းရုံးမှုပြုလုပ်ခဲ့သည် ဟုဆိုပါသည်။ သို့သော်ဆည်တည် ဆောက်မည့်နေရာနှင့်ပတ်ဝန်းကျင်ရှိလူထုအား ခေါ်ယူအသိပေးမှုမရှိသည့်အပေါ် သျှမ်းလူမှုအဖွဲ့အစည်း အနေဖြင့် စိုးရိမ်ပူပန်မိသည်ဟုဆိုပါသည်။
ထိုသို့ ရေကာတာကြောင့် ဆိုးကျိုးများဖြစ်ပေါ် နေသည့်အပေါ် သံလွင်မြစ်ပေါ်နှင့် မြစ်လက်တက် တခုဖြစ်သော နမ့်မပေါ်က နောင်ဖ - မန်တောင်းရေကာတာ တည်ဆောက်ရေး စီမံကိန်း ကိုလည်း ချက်ချင်းရပ်ပေးရန် တိုက်တွန်းတောင်းဆိုသည့် ကြေငြာချက်တစောင် သျှမ်းလူထုအခြေပြု လူမှုအဖွဲ့အစည်းက ဧပြီ ၁ ရက်နေ့ ရက်စွဲဖြင့် ကြေငြာချက်ထုတ်ပြန်လိုက်သည်။
ရေကာတာတည်ဆောက်မှုမှရရှိလာသော လျှပ်စစ်ဓါတ်အား၏ ၉၀ ရာခိုင်နှုန်းကို တရုတ်ပြည်သို့ ပို့ဆောင် ရောင်းချမည်ဖြစ်ပြီး ကျန် ၁၀ ရာခိုင်နှုန်းမှာ မြန်မာပြည်အတွင်း အသုံးပြုမည်ဖြစ်ကြောင်း လူထုအားရှင်း လင်းပြောကြားခဲ့ကြောင်း၊ ရေကာတာကျိုးပေါက်ပျက်စီးခဲ့သော် ဘေးအန္တရာယ် ရင်ဆိုင်ရမည့်ဒေသခံ များကိုလည်း “ နိုင်ငံတော်စီမံကိန်းဖြစ်သဖြင့် ကုမ္မဏီအနေဖြင့် တာဝန်ယူပေးမည်မဟုတ်” ဟုလည်းပြောခဲ့ ကြောင်း ကြေငြာချက်တွင်ပါရှိပါသည်။
ဧပြီလ ၁ ရက်နေ့ ရက်စွဲဖြင့် ရေကာတာတည်ဆောက်ရေး စီမံကိန်းရပ်ပေးရန်အတွက် သျှမ်းပြည်နယ် မြောက်ပိုင်း တောင်ပိုင်း ၁၆ မြို့နယ်မှဒေသခံ ၃၀၀၀ ကျော် လက်မှတ်ရေးထိုး တောင်းဆို မှုများနှင့်အတူ ပြည်တွင်း၊ ပြည်ပ သျှမ်းလူမှုအဖွဲ့အစည်းများဖြစ်သော Shan Community Based Organization / Tai Youth Network/ Shan State Youth Network Committee/ Shan Students Union – Thailand (SSU-Thailand) တို့က ကြေငြာချက်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။