တောင်ကြီးခရိုင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ပါတီနှင့် ၈ လေးလုံး ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း တို့မှ ဦးဆောင်သည့် ရဟန်းရှင် နှင့် လူအင်အား နှစ်ရာခန့် စီတန်း လှည့်လည် ဆန္ဒပြခဲ့ကြောင်း သိရသည်။
စိန်ပန်းရပ် လောကမာန်အောင်ကျောင်းမှစတင်ကာ ကန်သာမီးပွိုင့် (အနောက်မြို့ ပတ်လမ်း)မှ ဗိုလ်ချုပ်အောင် ဆန်းလမ်းအတိုင်း ဗိုလ်ချုပ်ပန်းခြံ(သစ်တောရပ်) အထိ လမ်းလျှောက်ခဲ့ကြသည်ဟု ဆိုပါသည်။
“သျှမ်းပြည်ထဲက ပြည်သူလူထုကလည်း ဒီ၂၀၀၈ ဥပဒေကြီးကိုပြင်ဆင်ချင်တဲ့ဆန္ဒရှိကြောင်း နိုင်ငံတော် အစိုးရနဲ့ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တွေကို သိစေချင်တယ် ၊၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ဖို့ လွှတ် တော် ထဲမှာ ခက် နေတယ် တစ်ဖက်ပါတီကြီးရဲ့လွတ်တော်ကိုယ်စားလှယ်အများစုက မပြင်စေချင်တဲ့ အပြောအဆိုဆန္ဒတွေ တွေ့ နေရတယ်။ ဒါကြောင့်လွှတ်တော်ပြင်ပကနေပြီးတော့ လူထုအင်အားနဲ့ပြင် မယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ လုပ်ဆောင် ရခြင်းဖြစ်တယ်” ဟု (NLD)တောင်ကြီးခရိုင် ဥက္ကဌ ဦးတင်မောင် တိုးမှ ပြောကြားခဲ့သည်။
စီတန်းလှည့်လည်ဆန္ဒဖော်ထုတ်ရာတွင် “ ပြည်သူ့သဘောထားမပါသော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြည်သူ့ဆန္ဒအရပြင် ဆင်ပေး၊သမ္မတဖြစ်ခွင့်ကိုကန့်သတ်ထားသောပုဒ်မ ၅၉(ဃ)/၅၉(စ) တို့ကိုဖျက် သိမ်းပေး၊ ၂၀၀၈ဖွဲ့စည်းပုံပြင် ဆင်ရေးကိုအဟန့်အတားပြုနေသော ပုဒ်မ(၄၃၆)ကို အမြန် ဆုံးပြင်ဆင်ပေးရန် ၊ဒီမိုကရေစီ/ လူ့အခွင့်အရေး နှင့်ဖယ်ဒရယ်ပြည်ထောင်စုစနစ်ကို အာမခံသောဖွဲ့ စည်းပုံ အခြေခံဥပဒေကိုသာ အလိုရှိသည် ” စသည့် ဗီနိုင်းပိုစတာများကိုင်ဆောင်ထားကြောင်း တွေ့ရသည်။
တောင်ကြီးမြို့နယ်၊ဟိုပုံး၊ ပင်းတယ၊ ရပ်စောက်၊ ရွာငံ ၊ညောင်ရွှေ ၊ပင်လောင်း၊ ဖယ်ခုံ၊ ဆီဆိုင် စသည့် မြို့နယ်များပါ၀င်ပြီးငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်ခွင့်အားခွင့်ပြုမိန့်တောင်းခံရာတွင် မြို့နယ်ရဲရုံးမှ ခွင့်ပြု မိန့်မရရှိပဲ ပြည်နယ် ရဲရုံးတွင် အယူခံဆက်တင်ရာမှ မတ်လ ၂၉ ရက် ည ၉ နာရီအချိန်မှ ခွင့်ပြုမိန့် ရရှိခဲ့ကြောင်း သိရှိရပါသည်။