သျှမ်းပြည် အရှေ့ပိုင်း မိုင်းတုံ မြို့နယ် အတွင်း တိုက်ပွဲကြောင့် မြန်မာစစ်တပ်က ဒေသခံတို့၏ နေအိမ်များ အတွင်း ဝင်ရောက် ရှာဖွေကာ အဖိုးတန် ပစ္စည်းများ ယူဆောင် သွားခဲ့ကြောင်း မိုင်းတုံမြို့ ရောက် ဒေသခံများ ပြောပြချက်အရ သိရသည်။
မတ်ခ်ျလ ၂၃ ရက်နေ့က သျှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့ အရှေ့မြောက်ဘက် ၁၀ ကီလိုမီတာအကွာ ပန်ကျိုင်းရွာအနီး၌ တိုက်ပွဲဖြစ်ပွါးခဲ့ခြင်းဖြစ်ပွားခဲ့၏။ တိုက်ပွဲကြောင့် သေကြေဒဏ်ရာရရှိမှု မရှိကြသော်လည်း မြန်မာစစ်တပ်က ရွာသားများ၏ အဖိုးတန် ပစ္စည်းမှအစ စားသောက်ပစ္စည်းများကိုပါယူဆောင်သွားခဲ့ကြောင်း၊ လက်ကိုင်ဖုန်း ၈ လုံးအပါအဝင် ငွေကြေးကျပ် ၅ သိန်းထက်မနည်း ပါသွားကြောင်း အဆိုပါဒေသခံများကဆိုပါသည်။
“ကျနော်တို့ ပန်ကျိုင်းရွာထဲကိုဝင်လာပြီး သျှမ်းစစ်သားအကြောင်းမေးတယ်။ သိပ်မကြာဘူး တိုက်ပွဲသံကြား တယ်။ သိပ်တော့ မကြာဘူး တိုက်ပွဲက။ သေကြေဒဏ်ရာရတာလဲ နှစ်ဘက်စလုံးမရှိဘူးလို့ ကြားတယ်။ ငြိမ်းချမ်းရေးဆိုတာ ပါးစပ်မှာဘဲရှိတာလား ” ဟု မိုင်းတုံမြို့ ရောက် ဒေသခံများကပြောသည်။
သျှမ်းပြည်တပ်မတော်ဘက်မှ RCSS/SSA ၏ တပ်မဟာ ရ၂၇ လက်အောက်ခံတပ်ရင်း ၄၀၄ နှင့် မိုင်းတုံ အခြေစိုက် ခမရ ၅၁၉ မှအင်အား ၃၃ ယောက်ပါသော အဖွဲ့တို့ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသတွင်း RCSS/SSA ၏ အရာရှိတဦးကပြော သည်။
သူက“ ကျနော်တို့ရွာသားတွေကို သေနတ်ထောက်ပြီး အိမ်အောက်ဆင်းခိုင်းတယ်။ ရွာလယ်မှာ စုပြီးထိုင်ခိုင်းထားတယ်။ ပြီးရင် တအိမ်တက်ဆင်း ပစ္စည်းတွေမွှေနှောက်ရှာဖွေပြီး သူတို့လိုချင်တာယူ သွားတယ်။ အစားအသောက်တွေလဲပါတယ်။ ဖုန်းတွေငွေတွေလဲပါတယ်” ဟု ဆိုပါသည်။
တိုက်ပွဲဖြစ်ပွါးပြီးနောက် မြန်မာစစ်ယာဉ်တန်းများ (မိုင်းတုံမြို့ နှင့် ပုံပါကျင်မြို့ကြားဒေသရှိ) နားကောင်းမူးကျေးရွာအုပ်စု ဘက်ပြန်ဆင်းလာကြသည်ကိုတွေ့ရကြောင်း၊ ကျန်တချို့တဝက်မှာ ပန်ကျိုင်းရွာ၊ နားပါကောဝ်ကျေးရွာဘက် RCSS/SSA တပ်ဖွဲ့ဝင်များအား ပိုက်စိတ်တိုက်လိုက်ရှာနေကြောင်း၊ မိုင်းတုံ - ပုံပါကျင် လမ်းပိုင်းနေရာအချို့တွင်လည်း လမ်းကင်း ချထားကြောင်း ပုံပါကျင်ရောက် နိုင်ငံရေးပါတီဝင်တဦး က ပြောပါသည်။
တိုက်ပွဲကြောင့် ဒေသခံလူထုဖမ်းဆီးရိုက်နှက်ခံရမှု၊ RCSS/SSA ၏ လူထုကိုယ်စားလှယ်များ ရိုက်နှက်ဖမ်းဆီးချုပ်နှောင်ခံရ မှုအား အမြန်ဆုံးဖြေရှင်းပေးပါရန် RCSS/SSA ခေါင်းဆောင်ပိုင်းက သျှမ်းပြည်နယ် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်သူထံ အကြောင်းကြားစာပေးပို့ထားကြောင်း နီးစပ်သည့်အသိုင်းအဝိုင်းကပြောသော်လည်း သျှမ်းပြည်တပ်မတော် ပြောခွင့်ရက ထပ်လောင်းအတည်ပြုချက် မပေးပေ။
သျှမ်းပြည်တပ်မတော် RCSS/SSA သည် မြန်မာအစိုးရနှင့် ပြည်ထောင်စု အဆင့်ငြိမ်းချမ်းရေးတည်ဆောက် ထားသည့် တပ်ဖွဲ့ဖြစ်သည်။