နိုင်ငံတကာမြန်မာ့သတင်း(ဘီအဲန်အိုင်)က ဦးစီး ကျင်းပသည့် တိုင်းရင်းမီဒီယာ ဒုတိယအကြိမ် ညီလာခံအား သျှမ်းပြည် မြို့တော် တောင်ကြီး၌ လာမည့် မတ်ခ်ျလဆန်းပိုင်းတွင် လေးရက်ကြာ ကျင်းပမည်ဟု သိရသည်။
၂၀၁၄ မတ်ခ်ျလ ၃ ရက်မှ ၆ ရက်နေ့အထိ တောင်ကြီးမြို့ သျှမ်းစာပေယဉ်ကျေးမှု ရုံး၌ တိုင်းရင်းမီဒီယာညီ လာခံ ကျင်းပမည်ဖြစ်ပြီး ဒေသအကြီးအကဲများ၊ ဌာနဆိုင်ရာများ၊ ကျွမ်းကျင်သူများ၊ သတင်းသမားများ စုစုပေါင်း ၂၀၀ ခန့် တက်ရောက်ဖွယ်ရှိကြောင်း ဘီအဲန်အိုင်အကြီးအကဲ များက ပြောသည်။
“ဒီတောင်ကြီး တိုင်းရင်းမီဒီယာ ညီလာခံရဲ့ အဓိကရည်ရွယ်ချက်က ဒီအပြောင်းအလဲ ကာလမှာ မီဒီယာလွတ် လပ် ခွင့်နဲ့ပတ်သက်ပြီး ဘယ်လိုအခြေအနေရှိလဲ၊ လွတ်လပ်စွာ ထုတ်ဖေါ် ပြောဆိုခွင့်ကိုလည်း အဓိထား ဆွေးနွေးသွား ဖို့ရှိတယ်။ မီဒီယာဖွံ့ဖြိုးတိုးတက်မှု နဲ့ ရင်ဆိုင်ရတဲ့ စိန်ခေါ်မှုကိုလဲပေါ့၊ နောက်တခု ပြောင်းလဲနေ တဲ့ မီဒီယာအခန်း ကဏ္ဌမှာ အမျိုးသမီးသတင်းထောက်တွေ ပါဝင်တဲ့အပိုင်း Women Section အလုပ်ရုံဆွေး နွေးပွဲမျိုး လုပ်သွားဖို့ ရှိတယ်” - ဟု ဘီအဲန်အိုင် အကြီးအကဲ နန်းဖေါ့ကေ ပြောသည်။
တောင်ကြီး တိုင်းရင်းမီဒီယာညီလာခံဖြစ်မြောက်ရေးအတွက် ဘီအဲန်အိုင်ရုံးဝန်ထမ်းများ၊ သျှမ်းသံတော်ဆင့် သတင်းဌာနနှင့် ရိုးမအလင်းတို့မှ ပူးပေါင်းဆောင်ရွက်နေကြသည်ဟုလည်း ပြောသည်။
ပထမ အကြိမ် တိုင်းရင်းမီဒီယာ ညီလာခံအား မွန်ပြည်နယ်မော်လမြိုင်မြို့၌ ယမန်နှစ် (၂၀၁၃ ဧပြီ ၂၅ မှ၂၇ အထိ ) ကျင်းပခဲ့သည်။ ထိုညီလာခံ ဆုံးဖြတ်ချက်အရ ယခုတောင်ကြီးမြို့၌ ဒုတိယ အကြိမ်ကျင်းပရခြင်းဖြစ် သည်ဟု ပထမအကြိမ်ညီလာခံတက်ရောက်ခဲ့သည့် နန်းမွေခေါင် ကပြောသည်။
ဘီအဲန်အိုင် (BNI – Burma News International) တွင် မဇ္ဈိမ သတင်းဌာန၊ နက်ဝေါက်မီဒီယာဂရုပ် NMG နှင့် ကုလားတန်သတင်းဌာနအပါဝင် တိုင်းရင်းသားသတင်းဌာနများဖြစ်ကြသည့် - သျှမ်းသံတော်ဆင့်၊ ကချင်သတင်း ဌာန၊ ကန္တာရဝတီတိုင်းမ်(ကယား)၊ ကေအိုင်စီ (ကရင်)၊ လွတ်လပ်သောမွန် သတင်း အေဂျင်စီ (IMNA) ၊ ရွှေဟင်္သာသတင်းဌာန(မွန်)၊ သံလွင်တိုင်းမ်(မွန်)၊ ခိုနူမ်းထုန် (ချင်း) နှင့် နိရဥ္စရာ(ရခိုင်) သတင်းဌာနတို့ ပူးပေါင်းဖွဲ့စည်းထားသည်။