RCSS/SSA ဌာနချုပ်၌ ယနေ့ကျင်းပသော ဥက္ကဌ ရာထူး ရွေးကောက်ပွဲတွင် ဥက္ကဌလောင်း အဖြစ် အဆိုတင် သွင်း ခံရသူ ၅ ဦးက ရွေးချယ်ခံရန် သဘောမတူ သောကြောင့် ဥက္ကဌဟောင်း ဖြစ်သူ ဒုတိယ ဗိုလ်ချုပ်ကြီး ယွက်စစ်အား ပြန်လည် ရွေးချယ် တင်မြောက်ကြကြောင်း အရာရှိကြီးတဦးက ပြောသည်။
၂၀၁၄ ဖေဖေါ်ဝါရီ ၁၃ ရက် သျှမ်းပြည်တပ်မတော် RCSS/SSA ဌာနချုပ် လွယ်တိုင်းလျဲန်း၌ ကျင်းပသည့် (စတုတ္ထကြိမ်မြောက်) ဥက္ကဌ ရာထူးရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိသူ ၂၀၀ ခန့် ရှိကြောင်း၊ ဒုတိယ ဗိုလ်ချုပ်ကြီးယွက်စစ်အား ကန့်ကွက် ၁ မဲ၊ ပယ်မဲ ၅၁ မဲ၊ ထောက်ခံမဲ ၁၄၇ မဲ ဖြင့် ဥက္ကဌအဖြစ်ပြန်လည် ရွေးချယ်ခဲ့ကြခြင်းဖြစ်ကြောင်း အဆိုပါ အရာရှိကြီးက ပြောသည်။
ဥက္ကဌ ပြန်လည်အရွေးခံရသည့် ဒုတိယ ဗိုလ်ချုပ်ကြီးယွက်စစ်က ရာထူး ပြန်လည်အတည်ပြုခြင်းမပြုမှီ မဲပေးပိုင်သူများအား မေးခွန်းသုံးခုမေးမြန်းခဲ့ကြောင်း၊ အဆိုပါ မေးခွန်းမှာ - (၁) ခင်ဗျားတို့ RCSS ၏ စည်းမျဉ်းစည်းကမ်းလိုက်နာမှာလား၊ (၂) ကျနော့်ညွှန်ကြား ချက်ကို လိုက်နာကြမလား၊ (၃) ခင်ဗျားတို့ ကို ခေါ် ပြီး အစိုးရထံ လက်နက်ချသွားမှာကို မစိုးရိမ်ဘူးလား - စသဖြင့်မေးမြန်းရာမှာ အားလုံးက လိုက်နာမည်ဖြစ် ကြောင်း၊ မစိုးရိမ်ကြောင်းတညီတညွတ်ဖြေဆိုသော ကြောင့် ဥက္ကဌ ရာထူး အတည်ပြုသွားသည်ဟုဆိုသည်။
“ဒုတိယ ဗိုလ်ချုပ်ကြီးယွက်စစ်ဟာလက်ရှိအနေအထားအရ ဥက္ကဌ ရာထူးထမ်းရွက်ဖို့ အသင့်လျော် ဆုံးပဲ၊ တစ်အချက် MTA ပြိုကွဲပြီးနောက်ပိုင်း ဒီတပ်ထုကြီးကို သူ့သွေးနဲ့ ချွေးနဲ့ ပြန်လည် စည်းရုံးပြီး တည်ထောင် ခဲ့တယ်၊ နှစ်အချက်က အစိုးရနဲ့ ငြိမ်းချမ်းရေး တည်ဆောက်နေဆဲဖြစ်တယ်။သုံးအချက်က အိမ်နီးချင်းတိုင်း ပြည်နဲ့ ပေါင်းသင်းဆက်ဆံတတ်တယ်၊ ကျနော်ဆိုရင် ဒီလိုအလုပ်တွေ မရဘူး။အစိုးရနဲ့ ငြိမ်းချမ်းရေးဆိုတာ တွေလည်း နာမည်ကောင်းမရှိဘူး။ နောက်တခုက ကျနော်က ကျမ်းမာရေးလဲ မကောင်းဘူး” - ဥက္ကဌ ရာထူး အရွေးခံဖို့ လက်မခံသည့် ဗိုလ်ချုပ်စိုင်းရီ ကပြောသည်။
“ကျနော် ဒီသက်တမ်းပဲ လက်ခံမယ်။ နောက်တသုတ်ဆိုရင်တော့ ခင်ဗျားတို့ ခေါင်းဆောင် သစ် အတွက်ပြင်ဆင်ထားရမယ်” - ဟု ဒုတိယ ဗိုလ်ချုပ်ကြီး ယွက်စစ်ပြောသွားသည်ဟု ဆိုသည်။
သျှမ်းပြည်တပ်မတော် RCSS/SSA ခေါင်းဆောင်ရွေးပွဲအား ယနေ့ အပြီးသတ်အတည်ပြု သွားနိုင် ကြောင်း၊ နက်ဖြန်တွင်မူ ၄ နှစ်တာ လုပ်ဆောင်သွားမည့် လုပ်ငန်းများ ဆွေးနွေးချမှတ်မည်ဖြစ်ကြောင်း တက်ရောက်သူ များက ပြောသည်။