သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ သျှမ်းပြည် တပ်မတော် RCSS/SSA ဥက္ကဌ ရာထူးအတွက် ဒီမိုကရေစီ နည်းစနစ် အဖြစ် စတုတ္ထ အကြိမ်မြောက် မဲပေး ရွေးချယ် တင်မြောက်ခြင်းကို ယနေ့ ဖေဖေါ်ဝါရီ ၁၃ ရက်တွင်စတင်ကျင်းပသည်။
RCSS/SSA ၏အမြင့်ဆုံးရာထူး ဉက္ကဌ သက်တမ်း သုံးကြိမ် ဆက်တိုက်တာဝန်ထမ်းဆောင်သူ လက်ရှိ ဒုတိယဗိုလ်ချုပ်ကြီးယွက်စစ် ယခုရွေးချယ်ပွဲတွင် ‘မိမိ၏အမည်တင်သွင်းခြင်းမပြုရန် ဇန်နဝါရီလက ကျင်းပသည့် နှစ်ပတ်လည်အစည်းအဝေးကတည်းက တင်ပြထားသောကြောင့်၊ ဥက္ကဌ လောင်းအဖြစ် လျာထားခြင်းခံရသူ စဝ်စိုင်းရီ၊ စဝ်ခေးငင်း၊ စဝ်ပေါင်ခေး၊ စဝ်သီရိ၊ စဝ်ဂွဏ်းဇင့်တို့ ၅ ဦးရှိကြောင်း ဗဟိုကော်မတီဝင် တစ်ဦးက ပြောသည်။
“ခေါင်းဆောင်သစ်ရွေးချယ်တင်မြောက်ဖို့ RCSS အဖွဲ့ဝင် အရာရှိတွေ စုံစုံညီညီရောက်နေပြီ။ မဲပေး ပိုင်ခွင့်ရှိသူ ၁၀၀ လောက် ရှိမယ်။ သျှမ်းပြည်တပ်မတော်ကို အစဉ်အဆက် ထောက်ပံ့လာတဲ့ လူထုနဲ့ ရပ်မိရပ်ဖတချို့လဲ မဲပေးနိုင်ဖို့ ပြင်ဆင်ပေးထားတယ်။ ဒီမိုကရေစီနည်းကျကျ ရွေးကောက်တင်မြှောက် မယ်” - ဟု သျှမ်းပြည် တပ်မတော်၏နာယက စဝ်ခွန်းဆေ က ပြောသည်။
အကြောင်းအမျိုးမျိုးကြောင့် ခေါင်းဆောင်သစ် ရွေးချယ်နိုင်ခြင်းမရှိပါက စတုတ္ထသက်တမ်း ဥက္ကဌ ရာထူးအား မလွဲမသွေ ပြန်လည်ထမ်းရွက်သွားမည်ဖြစ်ကြောင်းလည်း ဒုတိယ ဗိုလ်ချုပ်ကြီး ယွက်စစ်က သျှမ်းသံတော်ဆင့်သို့ပြောဖူးပါသည်။
“စဝ်ယွက်စစ် ရာထူးက နားမယ်ဆိုတဲ့ကိစ္စ လူတော်တော်များများက နားစွင့်ကြတယ်။ တချို့ကလဲ စဝ်ယွက်စစ် က အစိုးရနဲ့ သဘောတူညီချက်ကို လမ်းကြောင်းပြောင်းလိုလို့ လူသစ်အစားထိုးမယ် အစ ရှိသဖြင့်စိုးရိမ်ပူပန် ကြသူတွေ လဲရှိပါတယ်။ ပရိယာယ်ဆင်တာ မဟုတ်ပါဘူး။ ဘယ်သူတက်လာ တက်လာ ဒီလမ်းအတိုင်းသွားဖို့ ချထားပြီးသားဘဲ” - ဟု နီးစပ်သည့် အရာရှိ တဦးကပြောသည်။
RCSS/SSA ၏ အမြင့်ဆုံး ဥက္ကဌ ရာထူးနှင့် ဗဟိုကော်မတီဝင်များ အား ၄ နှစ် တစ်ကြိမ် ရွေးချယ်တင်မြောက် ၏။ ထို့အတွက် သုံးကြိမ်ဆက်တိုက်ဉက္ကဌ ရာထူး ထမ်းရွက်လာသည့် စဝ်ယွက်စစ်က အရည်အချင်းပြည့် ပုဂ္ဂိုလ်များ ခေါင်းဆောင်ဖြစ်လာရေးတွက် အခွင့်အလှမ်းပေးသည့်အနေဖြင့် ယခု စတုတ္ထအကြိမ် ခေါင်းဆောင် ရွေးချယ်ပွဲ၌ မိမိအမည်နာမ ထည့်သွင်းခြင်းမပြုရန် တောင်းဆို ထားခြင်း ဖြစ်သည်။