သျှမ်းပြည်တောင်ပိုင်း ပင်လုံမြို့တွင် ၆၇ ကြိမ်မြောက် သျှမ်းပြည်နယ်နေ့ အခမ်းအနားကို ပင်လုံတက္ကသိုလ် သျှမ်းစာပေနှင့်ယဉ်ကျေးမှု လူငယ်မောင်မယ်များဦးဆောင်ပြီး ပင်လုံတက္ကသိုလ်ခန်းမ၌ကျင်းပကြောင်း သတင်းရရှိသည်။
သျှမ်းပြည်နယ်နေ့အခမ်းအနားကို ပင်လုံတက္ကသိုလ် သျှမ်းစာပေနှင့်ယဉ်ကျေးမှု လူငယ်မောင်မယ်များ ဦးဆောင်ကျင်းပလာသည်မှာ ယခုနှစ် ၁၀ နှစ်ပြည့်ပြီဖြစ်ကြောင်း သိရှိရပါသည်။ အဆိုပါအခမ်းအနား သို့ သျှမ်းလူငယ်မောင်မယ် ၃၀၀ ကျော်ခန့်ပါဝင်ကူညီခဲ့ကြောင်း သိရှိရပါသည်။
"အခက်အခဲဆိုတာ အနည်းနဲ့အများတော့ ရှိတာပေါ့။ အမျိုးသားရေးအတွက် ဆိုရင်တော့ အခက်အခဲ ဘယ်လောက်များပါစေ ကျွန်တော်တို့အတွက်တော့ အခက်အခဲမရှိပါဘူး။ ဖေဖော်ဝါရီ ရ ရက်နေ့ဟာ သျှမ်းပြည်နယ်နေ့ဖြစ်ကြောင်း သျှမ်းတိုင်းရင်းသားတွေသိအောင်မဟုတ်ဘဲ ကမ္ဘာပေါ်က လူတွေကို လည်းသိစေချင်တယ် " ဟု ပင်လုံတက္ကသိုလ် သျှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်းဝင် စိုင်းလောဝ်လှိုင်း ကပြောသည်။
ယင်းအခမ်းအနားသို့ ပင်လုံတက္ကသိုလ် ပါမောက္ခချုပ် နှင့် ဆရာ/ဆရာမများ၊ သျှမ်းစာပေနှင့် ယဉ်ကျေးမှု ကော်မတီဝင်များ၊ ဌာနဆိုင်ရာများ နှင့် မြို့မိမြို့ဖများ တက်ရောက်ကြကြောင်း သိရသည်။
" သျှမ်းပြည်နယ်နေ့ကို တရားဝင်ရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေးစေချင်တယ်" ဟု သျှမ်း စာပေနှင့် ယဉ်ကျေးမှု ကော်မတီဝင်တစ်ဦးက ပြောသည်။
သျှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့၌လည်း ကျားခေါင်းပါတီ SNLD နှင့်ကျားဖြူ SNDP ပါတီတို့ ရပ်မိရပ်ဖများနှင့် ပူးပေါင်းကျင်းပကာ ကျင်းပသော သျှမ်းပြည်နယ်နေ့အခမ်းအနားတွင် သျှမ်းပြည် နယ်နေ့အား တရားဝင်ရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေးရန် ကြေငြာချက်တစောင်ထုတ်ပြန်ခဲ့သည်။