တောင်ကြီးသားလူငယ်ပန်းချီဆရာ “စိုင်းလင်းမြတ်” က “ပင်လုံမှသည် ငြိမ်းချမ်းသော ပြည်ထောင်စု ဆီသို့) (From Panglong to a Nation Of Peace” အမည်ရှိ တစ်ကိုယ်တော် ပန်းချီပြပွဲကို ဖေဖော်ဝါရီလ (၈-၉) ရက်နေ့များတွင် ရန်ကုန်မြို့ရှိ Myanmar Peace Center (MPC) ၌ ကျင်းပမည်ဖြစ်ကြောင်း သျှမ်းသံတော်ဆင့်မှ သတင်း ရရှိသည်။
သမိုင်း၏ မည်သည့်စာမျက်နှာတွင်မှဖော်ပြဖူးခြင်းမခံရသေးသော၊ ပင်လုံစာချုပ်ဟုကမ္ဘာသိသော၊ မြန်မာနိုင်ငံ လွတ်လပ်ရေးအတွက် တောင်တန်းနှင့် ပြည်မစည်းလုံးမှုနှင့် အတူတကွ ပူးပေါင်းပါ၀င်လက်မှတ် ရေးထိုးခဲ့ ကြသော ပြည်ထောင်စုကြီး၏ ဗိသုကာကြီးများဖြစ်ကြသည့် ဗိုလ်ချုပ်အောင်ဆန်း အပါအဝင် တိုင်းရင်းသား ခေါင်းဆောင်ကြီးများ၏ ပုံရိပ်ကို ယနေ့ ပင်လုံကို မြတ်နိုးကြသူများ၊ နှစ်ဆယ့်တစ်ရာစု ပင်လုံညီလာခံဟု ကြွေး ကြော်ကြသူများ၊ ထို့ထက်ပို၍ ပင်လုံကဲ့သို့သော စိတ်ဓါတ်ကို တန်ဖိုးထားလေးစားသော သူများသို့ရည်ရွယ် ထားသည်ဟု ပန်းချီစိုင်းလင်းမြတ်ကပြောသည်။
၁၉၇၃ ခုနှစ်၌ တောင်ကြီးမြို့တွင်မွေးဖွားခဲ့သော ပန်းချီစိုင်းလင်းမြတ်သည် ၂၀၀၇ ခုနှစ်မှစတင်၍ အုပ်စု လိုက်ပန်းချီပြပွဲ (၉) ပွဲတွင်ပါ၀င်ပြသခဲ့ဖူးပြီး ယခုပန်းချီပြပွဲ မှာမူ ပထမဆုံး တစ်ကိုယ်တော် ကျင်းပသည့် ပြပွဲဖြစ်ကြောင်း သိရှိရသည်။