ဒုတိယပင်လုံဖြစ်မြောက်သည်အထိစစ်ရေးတောင့်တင်းဖို့လိုကြောင်း ဒုတိယဗိုလ်ချုပ်ကြီးယွက်စစ်ပြော

ဒုတိယပင်လုံဖြစ်မြောက်သည်အထိစစ်ရေးတောင့်တင်းဖို့လိုကြောင်း ဒုတိယဗိုလ်ချုပ်ကြီးယွက်စစ်ပြော
by -
သျှမ်းသံတော်ဆင့်

ဒုတိယပင်လုံ ညီလာခံ ဖြစ်မြောက်သည်အထိ စစ်ရေးပိုင်းတွင် အင်အားတောင့်တင်းခိုင်မာ ထားဖို့လို အပ်ကြောင်း သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော် ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်ကြီးယွက်စစ်က ဌာနချုပ်လွယ်တိုင်းလျဲန်း၌ ကျင်းပသော ၂၀၁၃ နှစ်ပတ်လည်အစည်းအဝေးတွင် ပြောကြားခဲ့သည်။

“နိုင်ငံရေးပိုင်း နဲ့ စစ်တပ်ပိုင်း မရောထွေးစေဘဲ အပြန်အလှန် လေ့လာပြီး လုပ်ဆောင်သွားဖို့၊ ဒုတိယ ပင်လုံညီလာခံပြီးလို့ တန်းတူညီမျှအခွင့်အရေးရပြီးမှသာ စစ်တပ်ပိုင်းကဏ္ဌ ဆွေးနွေးဆုံးဖြတ်ဖို့၊  အဲဒီအချိန်အထိ မိမိတို့ဘက်က စစ်ရေးအင်အားခိုင်မာတောင့်တင်းနေဖို့လိုတယ်လို့ ဒုတိယ ဗိုလ်ချုပ်ကြီး ယွက်စစ်က ပြောကြားသွားပါတယ်” - အစည်းအဝေးတက်ရောက်ခဲ့သည့် ထိပ်ပိုင်း အရာရှိတဦးက သျှမ်းသံတော်ဆင့်အားပြောသည်။

၂၀၁၄ ဇန်နဝါရီလ  ၉ ရက်မှ ၁၃ ရက်အထိ ကျင်းပသော နှစ်ပတ်လည်အစည်းအဝေးတွင် ဗဟိုကော် မတီဝင်များ၊  ဗဟိုအလုပ်အမှုဆောင်နှင့် ဌာနမှူးများ၊ တပ်မှူးများနှင့် စစ်ဘက်ဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များ အင်အား ၄၀၀ ကျော်  တက်ရောက်ပြီး စစ်အရာရှိများကိုလည်း ရာထူးတိုးပေးမှု ရှိခဲ့သည်ဟု သိရသည်။
 
အဆိုပါ နှစ်ပတ်လည်အစည်းအဝေးတွင်  ငြိမ်းချမ်းရေးတည်ဆောက်နေမှုအားသာချက်၊ အားနည်းချက်ပြန် လည်သုံးသပ်ပြီး ငြိမ်းချမ်းရေးနှင့် ပတ်သက်သော သဘောထားရပ်တည်ချက်၊ သျှမ်းပြည်ဖွဲ့စည်းပုံ အခြေခံဥပဒေအား လူထုထံ ချပြရှင်းပြရေးအချက်အပြင် နိုင်ငံရေးပြသနာကို ငြိမ်းချမ်းသောနည်း လမ်းဖြင့်ဖြေရှင်းသွားမည် အစရှိအချက်များ ပါ၀င်သည့်ကြေငြာချက်ကို ထုတ်ပြန်ခဲ့သည်။

သျှမ်းပြည်တပ်မတော် RCSS/SSA သည် အစိုးရနှင့်    ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးတည် ဆောက် ထားသည်မှာ ၂ နှစ်ပြည့်ပြီဖြစ်သော်လည်း သဘောတူညီချက် လက်မှတ်ရေးထိုးထား သည့်အတိုင်း လက်တွေ့အကောင် အထည်ဖေါ်နိုင်ခြင်းမရှိသေးဘဲ ယနေ့အထိတိုက်ပွဲပေါင်း အကြိမ် ၁၅၀ ထက်မနည်းရှိပြီဖြစ်ကြောင်း သိရသည်။

Most read this week