အမျိုးသားရေးအတွက်ပါတီဖျက်သင့်ရင်ဖျက်မည်ဟု ကျားခေါင်းပါတီပြော

အမျိုးသားရေးအတွက်ပါတီဖျက်သင့်ရင်ဖျက်မည်ဟု ကျားခေါင်းပါတီပြော
by -
သျှမ်းသံတော်ဆင့်

မူစယ်မြို့  ကျားဖြူပါတီ တတိယအကြိမ် ညီလာခံ တက်ရောက်သူတွေက ပါတီမဖျက်သိမ်းလိုကြောင်း  တစ်သံတည်းဆန္ဒပြုကြအချိန် SNLD ပါတီကမူ အမျိုးသားရေးအတွက် လိုအပ်ပါက ကျားခေါင်းပါတီဖျက်ဖို့ အဆင်သင့် ရှိကြောင်း ပါတီပြောခွင့်ရ စိုင်းလိတ်က ပြောသည်။

 မူစယ်မြို့၌ ကျားဖြူပါတီ ညီလာခံ နောက်ဆုံးနေ့  ဂျန္နဝါရီ ၉ ရက် နံနက်ပိုင်းတွင် ကျားဖြူပါတီ ဥက္ကဌ စိုင်းအိုက်ပေါင်းက ‘ပါတီမဖျက်လိုဘူးလို့သဘောတူရင် ထရပ်ပါ’ ဟု စင်ပေါ်တက်ပြီးမေးသည့်အချိန် ပါတီမဖျက်လိုကြောင်း  လူတဦးမကျန် မတ်တပ်ရပ် ထောက်ခံခဲ့ကြသည်ဟုဆိုသည်။

sai ei pao

(သျှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ တတိယအကြိမ်ညီလာခံတွင် ဥက္ကဋ္ဌ စိုင်းအိုက်ပေါင်းမှ အဖွင့်အမှာစကားပြောကြားစဉ်)

“ကျားဖြူပါတီအပေါ် ပါတီဝင်တွေရဲ့ သဘောထား သိရအောင် ညီလာခံမှာ စင်ပေါ်တက်မေးတယ်လေ။  တယောက် မကျန် ပါတီမဖျက်လိုကြောင်း ထပြီးဆန္ဒပြုထောက်ခံပါတယ် ” - ဟု ကျားဖြူပါတီ ဥက္ကဌ၊ သျှမ်းပြည်နယ်အစိုးရ သစ်တောနှင့်သတ္တုဝန်ကြီးဌာန စိုင်းအိုက်ပေါင်းက သျှမ်းသံတော်ဆင့်အားပြောသည်။

 တချိန်တည်းမှာပင် ရန်ကုန်မြို့ ကျားခေါင်းပါတီ ခေါ် သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပြောခွင့်ရ စိုင်းလိတ် က ‘ကိုယ်ရေးကိုယ်တာ နဲ့ ပါတီအရေးဆို ပါတီကိုဦးစားပေးမယ်။ ပါတီနဲ့ အမျိုးသားရေးဆို အမျိုးသားရေးကို ဦးစားပေးမယ်။ မိမိအမျိုးသားရေးကောင်းစားဖို့ စည်းလုံးညီညွတ် ဖို့အတွက် ပါတီပေါင်းစည်းဖို့  လိုအပ်ရင်ပါတီ ဖျက်သိမ်းသင့်ရင်လဲ ဖျက်သိမ်းမယ်’ ဟု သျှမ်းသံတော်ဆင့်အားပြောသည်။

သျှမ်းပြည်ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီတွင် ပါဝင်သော သျှမ်း လူငယ်များက ၂၀၁၂  နှောင်းပိုင်းက စစ်တမ်းကောက်ယူရာ သျှမ်းလူငယ် ၉၀ ရာခိုင်နှုန်းကျော် က  ကျားဖြူနှင့် ကျားခေါင်း ပါတီပေါင်းစည်းရန်၊ သျှမ်းပြည်တပ်မတော် (တောင်ပိုင်း) အမည်ရ RCSS/SSA နှင့် သျှမ်းပြည်တပ်မတော်(မြောက်ပိုင်း) အမည်ရ SSPP/SSA တို့ပေါင်းစည်းရန် ဆန္နရှိကြသည်ဟုသိရပါသည်။

သို့သော် အစိုးရ၏ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ပါတီနှစ်ခု ပေါင်းစည်းလျှင် လက်ရှိမိခင် ပါတီအား ဖျက်သိမ်းရမည်ဟု စည်းမျဉ်းချမှတ်ထားပါသည်။