ဂျန္နဝါရီ ရ ရက်မှ ၉ ရက်နေ့ အထိ မူစယ် မြို့တော်ခန်းမ ၌ ကျားဖြူပါတီခေါ် သျှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ နှစ်ပတ်လည် ညီလာခံ စတင် ကျင်းပရာမှာ ပါတီဝင် တထောင်ကျော် တက်ရောက် သည်ဟု သိရပါသည်။
တတိယအကြိမ်မြောက် ကျားဖြူပါတီညီလာခံအား ယနေ့နံနက်ပိုင်းက စတင်ကျင်းပရာ မြို့အလိုက် ပါတီဝင်များ လုပ်ဆောင်ခဲ့သောလုပ်ငန်းများ၊ လိုအပ်ချက်များ၊ မြေယာသိမ်းပိုက်မှုများ၊ မူးယစ်ဆေးဝါး ပြဿနာများနှင့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲအတွက်ပြင်ဆင်မှုများကို တက်ရောက်လာသည့် ခေါင်းဆောင်များ မြို့နယ်အလိုက်ကိုယ်စားလှယ်များက ဆွေးနွေးသွားသည်ဟု အစည်းအဝေး တက် ရောက်သူ နန်းဟန်က ပြောသည်။
“မနေ့တုန်းက အစည်းအဝေးမဟုတ်သေးဘူး၊ ဝေါ့ခ်ရှော့ပ်တဲ့။ အစည်းအဝေးကဒီနေ့ နံနက် ၈ နာရီမှာ စတယ် ။ ပါတီဝင်တော်တော်များများတက်ရောက်တယ်။ အရှေ့ပိုင်းကအယောက် ၁၅၀ လောက်လာ တယ်။ တောင်ပိုင်းနဲ့ မြောက်ပိုင်းက ၄၀၀ စီလာကြတယ်။ ကချင်၊ ရန်ကုန်၊ မန္တလေး နဲ့ တခြားဒေသက ပါတီဝင်တွေလဲ လာကြတယ်။ မူစယ်ဒေသခံမပါသေးဘူး ရ၀၀ အထက်ဖြစ်နေလောက်ပြီ” - ဟု နန်းခမ်းဦးက ပြောသည်။
“ညီလာခံတခုဖြစ်ဖို့ဆိုတာ လူပင်ပမ်းတယ်၊ ငွေကုန်များတယ်၊ ဆုံးဖြတ်ချက်က ပါတီဝင်တွေ ကဆုံးဖြတ် ရတာ မဟုတ်ဘူး၊ ဗဟိုကော်မတီကပဲ ဆုံးဖြတ်တယ်။ ကောင်းတာက ပါတီဝင်တွေတွေ့ဆုံကြရတာ တခု ဘဲ။ တခြား ဘာမှမရဘူး၊ လိုအပ်ချက်တင်ပြဖို့ဆိုတာကလဲ စာနဲ့ပေနဲ့ တင်ပြရင်လဲ ရတာဘဲ။ ဒါ့ကြောင့် ကျနော်က ကျနော့်မြို့မှာ လုပ်စရာတွေများနေတော့ မသွားတော့ဘူး’’ - ဟု ကျားဖြူ ပြည်နယ် အမတ် တဦးက ပြောသည်။
ကျားဖြူပါတီတွင် ပါတီဝင် တစ်သိန်းလေးသောင်းကျော်ရှိသည်ဟု ဥက္ကဌ စိုင်းအိုက်ပေါဝ်း ကပြောသည်။ ၂၀၁၂ ပထမညီလာခံကို သျှမ်းပြည်တောင်ပိုင်းတောင်ကြီးမြို့ ၊ ၂၀၁၃ ဒုတိယညီလာခံကို သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့တွင် ကျင်းပခဲ့ကြပြီး ယခု၂၀၁၄ တတိယညီလာခံကို မူစယ်မြို့တွင် ကျင်းပနေဆဲဖြစ်ပါသည်။