သတ္တုတူးဖေါ်မှုရပ်တန့်ရေး လူထု၊ ကျား​ခေါင်း၊ ကျား​ဖြူ ပူးပေါင်း တောင်းဆိုမှုမအောင်မြင်

သတ္တုတူးဖေါ်မှုရပ်တန့်ရေး လူထု၊ ကျား​ခေါင်း၊ ကျား​ဖြူ ပူးပေါင်း တောင်းဆိုမှုမအောင်မြင်
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည် မြောက်ပိုင်း နမ့်ခမ်းမြို့နယ်ရှိ လယ်ယာမြေဧက ပေါင်းများစွာ ပျက်စီးမည့်အရေး ကာကွယ် ရန် သတ္တုတူးဖေါ်မှု ရပ်ဆိုင်းပေးရေးအတွက် ကျားခေါင်း ကျားဖြူ  နှစ်ပါတီပူးပေါင်း တောင်းဆိုမှုမှာ ထိရောက် ခြင်း မရှိဘဲ ကုမ္ပဏီများမှ ဆက်လက် တူးဖေါ်နေကြောင်း ဒေသခံများ ကပြောပါသည်။

 ငွေကမ္ဘာကျော်ကုမ္ပဏီ သတ္တုတူးဖေါ် ရာမှ နမ့်ခမ်းမြို့အဝင်ရှိ နမ့်ဆီးရီးချောင်းတိမ်ကောသွားခြင်း၊ လယ်ယာမြေ ရ ဧက လုံးဝ ပျက်စီးသွားခြင်း၊ လယ်ယာမြေ ဧက ၂၇၀ ကျော် ပျက်စီးမည့်အန္တရာယ် ရောက်နိုင်ဖွယ် ရှိခြင်းတို့ ကြောင့် သတ္တုတူးဖေါ် မှု ရပ်ဆိုင်းပေးရန် ရွာသားများ၊ နိုင်ငံရေးပါတီများ မှ ဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များထံ၊ သျှမ်းပြည်နယ်လွှတ်တော်ထံ၊ နိုင်ငံတော်သမ္မတထံ တောင်းဆိုထား သော်လည်း ရပ်တန့်ခြင်းမရှိဘဲ ယနေ့တိုင် ဆက်လက်တူးဖေါ်နေသည်ဟု ဆိုသည်။

 “ကျနော်တို့  ထုတ်ပြန်ကျေငြာထားတဲ့ အတိုင်းဘဲ လူထုအသက်အိုးအိမ် ထိခိုက်နစ်နာစေတဲ့ ဘယ်စီမံ ကိန်းကြီး ကိုမဆို ဘယ်ကုမ္ပဏီကိုမဆို ကျနော်တို့ နှစ်ပါတီကနေလူထုနဲ့အတူ ပူးပေါင်းပြီး ကန့်ကွက်သွား မှာဘဲ။ ပြည်တွင်း ပြည်ပ သတ္တုတူးဖေါ်နေတဲ့ ကုမ္ပဏီကြီးတွေကို ပြောချင်တယ်။ ရပ်တန်းက ရပ်ပေးပါ” - ဟု နမ့်ခမ်းမြို့ ကျားဖြူ ပါတီ အတွင်းရေးမှူး စိုင်းထွန်းလ ကပြောသည်။

နမ့်ခမ်းမြို့ အရှေ့တောင်ဘက် ၅ မိုင်ခန့်ရှိ အဆိုပါ သတ္တုတွင်းစီမံကိန်းမှာ ပြည်ပ စီးပွားရေး လုပ်ငန်း ရှင်များက ဒေသခံများ၏အမည်သုံး၍ တူးဖေါ်နေသည်မှာ ပုဂ္ဂလိကကုမ္ပဏီများနှင့် ကွတ်ခိုင်မြို့နယ် အခြေစိုက် ပြည်သူ့စစ် တပ်ဖွဲ့ပိုင် ကုမ္ပဏီတို့ဖြစ်သည်ဟုလည်း နီးစပ်သည့် ပုဂ္ဂိုလ်များက ပြောသည်။

 “ကျနော်တို့ဆီမှာလာပြီးသတ္တုတူးဖေါ်တဲ့  အိမ်နီးချင်းနိုင်ငံက ကုမ္ပဏီတွေက သတ္တုတခုအတွက်ဘဲ မဟုတ်ဘူး။ သတ္တုတွင်းအတွက် ဆိုပြီးမြေနေရာဧကထောင်ဂဏန်းတောင်းတယ်။ တောင်တွေကိုဖြိုချ တယ်။ အဲဒီမြေနေရာ သူတို့ ရထားရင် ကျနော်တို့တိုင်းပြည်မှာ သူတို့လာနေမယ်၊ လူမှုရေး စီးပွားရေး အစ ဝါးမြိုမယ် ။ ဒါကို ကျနော် တို့က စုပေါင်းအားနဲ့ ကာကွယ်တားဆီးရမယ်” - ဟု သျှမ်းတိုင်းရင်းသား များ ဒီမိုကရေစီ အဖွဲ့ချုပ် နမ့်ခမ်းမြို့ ဥက္ကဌ စိုင်းလိန်မြတ်က ပြောသည်။

အဆိုပါသတ္တုများအား ငွေကမ္ဘာကျော်ကုမ္ပဏီခေါ်  NGK  နှင့် GSM ကုမ္ပဏီတို့က တူးဖေါ်ကာကားကြီး များဖြင့် တရုတ်ပြည်သို့ နေ့စဉ်ပို့ဆောင်နေသည်ဟု  ဒေသခံများကပြောသည်။

နမ့်ခမ်းမြို့ နမ့်ဆီးရီးချောင်းနှင့် ဒေသခံတို့၏လယ်ယာမြေများအား အန္တရာယ်ပြုနေသည့် အဆိုပါ သတ္တုတူး ဖေါ် မှုအားရပ်တန့်ရန် ကျားဖြူခေါ် သျှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ SNDP နှင့်ကျားခေါင်းခေါ် သျှမ်းတိုင်း ရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD တို့ က လူထုနှင့် လက်တွဲ ကာ နှစ်ကြိမ်တိုင်တိုင် ကျေငြာချက် ထုတ်ပြန် ခဲ့ပါသည်။ လယ်ယာမြေ နစ်နာ ဆုံးရှုံးနေသည့် ဂျေဟိုင်းရွာ နှင့် မန့်နောင်ရွာ လယ်သမားများအနေဖြင့်လည်း စုပေါင်းကာ အဆိုပါသတ္တုတူးဖေါ်မှု ရပ်တန့် ပေးရန် နိုင်ငံတော် သမ္မတ ထံ စာရေးတင်ပြတောင်းဆို ခဲ့ဖူးပါသည်။

Most read this week