၆၆ နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အဖြစ် သစ္စာပြတင်း လူမှုနှင့် အနုပညာ ကွန်ယက်မှ အနုပညာပြပွဲ အခမ်းအနားအား တောင်ကြီးမြို့ မြစံပယ်ခန်းမတွင် ဂျန္နဝါရီလ ၄ ရက်မှ ၆ ရက်အထိ ကျင်းပပြသသွားမည် ဖြစ်ကြောင်း သိရသည်။
ယင်းပြပွဲတွင် ပန်းချီ ၊ ဂီတ၊ ဓါတ်ပုံ ၊ ကာတွန်း ၊ ကဗျာ၊ ဆောင်းပါး ၊ video art ၊ performance art နှင့် တပ်ဆင်မှုအနုပညာ စသည်ဖြင့် လွတ်လပ်ရေးနေ့၏ ပုံရိပ်များကိုဖော်ဆောင် ထားပြီး တောင်ကြီး ဒေသခံများနှင့် လူငယ်များ ကျောင်းသားများစွာ သွားရောက် လေ့လာခဲ့ကြသည်။
လွတ်လပ်ရေး မတိုင်မီက သျှမ်းပြည်ကျောင်းသားများ၏လှုပ်ရှားမှုများအား ပြန်လည်ဖော်ထုတ်ပြသထားပြီး၊ မြန်မာနိုင်ငံ၏ ပထမဆုံးသမ္မတ သျှမ်းစော်ဘွား စဝ်ရွှေသိုက်၏ရုပ်ပုံလွှာ၊ ၁၉၄၈ ဂျန္နဝါရီ ၄ ရက် ကျေငြာချက် များလည်း ပြသထားပါသည်။
အထူးသဖြင့် သျှမ်းပြည်သည် နိုင်ငံရေးအစဉ်အလာတွင် ဘယ်တော့မှနောက်မကျခဲ့သည့်အပြင် မြန်မာနိုင်ငံ လွတ်လပ်ရေးရခဲ့သည်မှာလည်း အခြေခံအုတ်မြစ်သည် သျှမ်းပြည်နယ်ဖြစ်ကြောင်း ပင်လုံကျောက်တိုင် က သက်သေထူနေသည်ဟု သစ္စာပြတင်း အဖွဲ့ ကပြောသည်။
“မြန်မာ့နိုင်ငံ ရေးသမိုင်းနဲ့ လွတ်လပ်ရေး သမိုင်းမှာ သျှမ်းပြည်ဟာဆိုရင် အမြဲ တမ်းတာ ၀န်ကျေ ခဲ့တယ် ဆိုတာကို သျှမ်းပြည်သူ/သားတွေ လက်ဆင့်ကမ်း သိစေချင်တဲ့ စိတ်ဆန္ဒ ကတော့ ဒီပြခန်းတွေ မှာ အမြဲတမ်းပါခဲ့တယ်” ဟု သစ္စာပြတင်း အဖွဲ့မှ စိုင်းစိုင်းငင်းက ပြပွဲ၏ရည်ရွယ်ချက်အားရှင်းလင်း ပြောကြား ခဲ့သည်။
“ဒီပြပွဲလေးက အဓိပ္ပါယ်အရမ်းရှိတယ်။ ဒီလွတ်လပ်ရေး ခေါင်းဆောင်တွေရဲ့ သမိုင်းကြောင်းတွေကို ကျောင်းစာ တွေမှာ မသင်ရတော့ အခုခေတ်လူငယ်တွေအနေနဲ့ အလှမ်းဝေးနေကြတယ်လေ။ ကိုယ့်ပြည် နယ်မှာ ကိုယ့်လူ မျိုးတွေရဲ့တစ်ချိန်ကအကြောင်းတွေကို လေ့လာခွင့်ရခဲ့တယ်၊ အနုပညာ ပြကွက်တွေက လူငယ်တွေရဲ့စိတ်ကို ပိုပြီးမြူဆွယ်နေသလိုပဲ ” ဟု အခမ်းအနားတက်ရောက်သူ လူငယ်တစ်ဦးကလည်း ပြောသည်။
သစ္စာပြတင်းမှ ကမကထပြု ဦးဆောင်၍ လွတ်လပ်ရေးနေ့တွင် အနုပညာပြပွဲအခမ်းအနား ကျင်းပခဲ့သည်မှာ သုံးနှစ်ရှိပြီဖြစ်သည်။
လွတ်လပ်ရေးနေ့တွင် တောင်ကြီးမြို့တွင်း ရပ်ကွက်အသီးသီး၌ ပျော်ပွဲရွှင်ပွဲများကျင်းပပြုလုပ်သကဲ့သို့ သျှမ်းပြည်နယ် အစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာ အသီးသီးတို့ကလည်း လွတ်လပ်ရေးနေ့ အခမ်းအနားအား တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ကျင်းပရာ မီးပုံးပျံကွင်းတွင် အလံတင်ခြင်းနှင့် နိုင်ငံတော်သမ္မတကြီး ၏ သဝဏ်လွှာ ဖတ်ကြားခြင်းတို့ပြုလုပ်ခဲ့ပါသည်။