အမှတ်(၂) တပ်မတော် စစ်ဆေးရုံ၊ ကုတင် (၇၀၀) မှသိမ်းယူထားသော လယ်ခြံမြေများမှ မသုံးဖြစ်ဘဲ ပိုလျှံနေသည့် မြေနေရာများအား တစ်လအတွင်း ပြန်လည်လုပ်ပိုင်ခွင့်မပေးလျှင် အောင်ပန်း ဒေသခံများ ဆန္ဒပြမည် ဖြစ်ကြောင်း သိရ သည်။
သျှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ အောင်ပန်းမြို့အရှေ့ဘက် ကမ္ဘားနီကျေးရွာအုပ်စု ၊ လက်ရှိကုတင် (၇၀၀) ၊ အမှတ် (၂) တပ်မတော် စစ်ဆေးရုံမှသိမ်းယူထားသောလယ်မြေ၊ ဥယျာဉ်ခြံမြေ ဧက ၁၀၀၀ မှလက်ရှိ မြေဧက ၈၀၀ ခန့် ပိုလျှံနေ သောကြောင့် ပြန်လည်လုပ်ကိုင်စား သောက်နိုင်ရေးအတွက် ပြည်ထောင်စုဝန်ကြီး၊ သမ္မတရုံး၊ သမ္မတရုံး ၀န်ကြီးဌာနနှင့် ဌာနဆိုင်ရာများအား ပြန်လည်စီစစ်ဆောင်ရွက်ပေးရန်ဒေသခံတောင်သူ (၁၂၀) ဦးက ၂၀၁၃ ခုနှစ် ဂျူလိုင်လတွင် တောင်းခံ တိုင် ကြားထားခြင်းဖြစ်သည်ဟု သိရသည်။
ပင်မဆေးရုံကြီး အဆောက်အဦးနှင့်တကွ ၀န်ထမ်းအိမ်ယာဆောက်ထားသည့် မြေဧရိယာ ၂၀၀ ခန့်သာရှိပြီး၊ ကျန်ရှိမြေများ အားစစ်အသိုင်းအဝိုင်းနှင့်နီးစပ်သော လူပုဂ္ဂိုလ်များသာ သီးစားချ၍ ၂၀၁၁ ခုနှစ်အထိ ရာသီပင်အလိုက် ခုနှစ်သောင်းကျပ်အထက် အခွန်ငွေများပေးဆောင်စေပြီး စျေးပြိုင်စနစ်ဖြင့် လုပ်ကိုင်စားသောက် နေရကြောင်း ဒေသခံများ၏ တိုင်ကြားစာအရ သိရပါသည်။
“ကျမတို့မြေ ကျမတို့ပြန်တောင်းတာ၊ ငါးလကျော်ကြာသွားပြီ။ အစကတော့ ပြန်ပေး မယ်ပြောပြီး ခုထိ ငြိမ်နေတာ။ နောက် တစ်လအတွင်း ပြန်မပေးရင်တော့ ခွင့်ပြုချက် တောင်းပြီး ဆန္ဒဖော်ထုတ်သွားမယ်” ဟု ယင်းလယ်ယာမြေပြန်လည်ရရှိရေး ကော်မတီမှဘုတ်အဖွဲ့ဝင်တစ်ဦးကပြောသည်။
ဒေသခံများ၏ အဆိုပါလယ်မြေများကို အမြောက်တပ် အ.မ.တ ၄ မှ ၁၉၉၃-၉၄ တွင်ပထမအကြိမ် ၊ ၁၉၉၈ တွင် ဒုတိယအကြိမ် သိမ်းယူခဲ့ကြောင်း နှင့် သိမ်းဆည်းခံထားရသောလယ်ယာခြံမြေများနှင့် ပတ်သက်၍ သက်ဆိုင်ရာ ၀န်ကြီးဌာနများမှ စစ်ဆေးအရေးယူဆောင်ရွက်ခြင်း လုံးဝပြုလုပ်သေးကြောင်း ဒေသခံများက ပြောသည်။