ဒီမိုကရေစီနှင့် ဖယ်ဒရယ် ပြည်ထောင်စုကို လက်တွဲတည်ထောင်သွားကြမည်ဟု ပင်လုံကျောက်တိုင် တွင် တိုင်းရင်းသားလူငယ်များ သွားရောက် အဓိဌာန်ခဲ့ကြကြောင်း ခေါင်းဆောင်တဦးဖြစ်သူ ကိုနော်ဆန်း ကပြောသည်။
သျှမ်းပြည်မြို့တော်တောင်ကြီးတွင် စတုတ္ထ အကြိမ်မြောက် လူငယ်နှီးနှောဖလှယ်ပွဲ ကို ဒီဇင်ဘာလ ၁၄ နှင့် ၁၅ အထိ ကျင်းပပြုလုပ်ခဲ့ပြီးနောက် ၁၆ ရက်နေ့တွင် ပင်လုံသို့သွားရောက်အဓိဌာန် ခဲ့ကြခြင်းဖြစ် သည်။
“ကျနော်တို့ပင်လုံက သျှမ်းလူငယ်ကွန်ယက်အဖွဲ့နဲ့ သွားရောက်တွေ့ဆုံခဲ့ကြပြီးတဲ့နောက် ကျောက်တိုင် မှာ ဒီမိုကရေစီနဲ့ ဖက်ဒရယ်ပြည်ထောင်စုကို တိုင်းရင်းသားလူငယ်များ အတူတကွတည်ဆောက်ရန် ဆိုပြီး အဓိဌာန်ပြုခဲ့ကြပါတယ် ” ဟု ကိုနော်ဆန်းကပြောသည်။
ကိုနော်ဆန်းက “ဆွေးနွေးပွဲ ပထမရက်ဖြစ်တဲ့ ဒီဇင်ဘာ ၁၄ ရက်က ၂၀၀၈ ကနေ ၂၀၁၃ အထိ လူငယ်အဖွဲ့ အစည်း တွေရဲ့ အားနည်းချက်နဲ့အားသာချက်တွေ၊ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေနဲ့ အခွင့်အလမ်း တွေကိုဆွေး နွေး ခဲ့ပါတယ်။ ၁၅ ရက်နေ့ကျတော့ ၂၀၁၄ - ၂၀၁၅ အတွင်း မိမိတို့ ပူးပေါင်းပြီး အတူတကွလုပ် ဆောင်နိုင်မယ့် အပိုင်း ၄ ပိုင်းခွဲထားတယ်။ အဓိကတော့ Joint Campaign ၊ Capacity Building ၊ Research and Documentation နဲ့ Advocacy ပေါ့” ဟု သျှမ်းသံတော်ဆင့်အား ပြောသည်။
နိုင်ငံအဝှမ်း ဒေသ အသီးသီး မှ တိုင်းရင်းသား လူငယ် အဖွဲ့အစည်း ပေါင်း (၂၇)ဖွဲ့ မှ နှီးနှောဖလှယ်ပွဲ တက်ရောက် သည့် လူငယ် စုစုပေါင်း (၅၅) ဦးရှိကြောင်းသိရသည်။
ယင်းကဲ့သို့နှီးနှောဖလှယ်ပွဲကို တနှစ်နှစ်ကြိမ် ပြုလုပ်ရာ ပထမအကြိမ်နှင့် ဒုတိယအကြိမ်ကို နယ်စပ် တွင်ပြုလုပ်ခဲ့ပြီး တတိယအကြိမ်ကို ယခုနှစ် ဂျွန်လက ရန်ကုန်တွင် ပြုလုပ်ခဲ့ကြောင်း သိရပါသည်။