သျှမ်းသံတော်ဆင့် ဂျာနယ် အမှတ် ၁ ဂျာနယ် ထုတ်ဝေဖြန့်ချိပြီ

သျှမ်းသံတော်ဆင့် ဂျာနယ် အမှတ် ၁ ဂျာနယ် ထုတ်ဝေဖြန့်ချိပြီ
by -
သျှမ်းသံတော်ဆင့်

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို အဓိကထား ရေးသားဖော်ပြသည့် သျှမ်းသံတော်ဆင့် (ပန်လုံ) ဂျာနယ် အတွဲ ၁ အမှတ် ၁ ကို ယခုလ  ၉ ရက်နေ့က စတင် ထုတ်ဝေလိုက်ပါသည်။

 “ကျနော်တို့ ၉ ရက်နေ့က ထုတ်ဝေတယ်။ ပထမအကြိမ်ပေါ့ အတွဲ ၁ အမှတ် ၁ ။ အစောင်ရေ ၃၀၀၀ ။ တောင်ကြီးမြို့ အောင်ပန်းဖြူပုံနှိပ်တိုက်က ကျနော်တို့ကို ပုံနှိပ်ပေးပါတယ်။ သျှမ်းပြည် အမြို့မြို့အနယ် နယ်ကို ဖြန့်ချီသွားမယ်လို့ စီစဉ် ထားပါတယ်။ ဒါ့အပြင် သျှမ်းပြည်မြောက်ပိုင်း တရုတ်နယ်စပ်နဲ့ သျှမ်းပြည် တောင်ပိုင်း၊ အရှေ့ပိုင်း ထိုင်းနယ်စပ်အထိ ဖြန့်ချီ ဖို့ စီစဉ်ထားပါတယ်” ဟု ထုတ်ဝေမှုတာဝန်ခံ စိုင်းမင်းအောင်က ပြောပါသည်။

သျှမ်းသံတော်ဆင့်ဂျာနယ် (ဓါတ်ပုံ- Kor Kham)

ဂျာနယ်တွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အပြင် နိုင်ငံရေး၊ စစ်ရေး ကဏ္ဍအသီးသီး ပါဝင်ကြောင်း၊ သျှမ်းဘာသာ ၁၀ မျက်နှာ၊ မြန်မာဘာသာ ၁၀ မျက်နှာ စုစုပေါင်း ၂၀ မျက်နှာဖြင့် ထုတ်ဝေကြောင်း၊ ၁ စောင်လျှင် ၅၀၀ ကျပ်ဝန်းကျင် ရောင်းမည်ဖြစ် ကြောင်း၊  ၁ လ ၁ ကြိမ်ထုတ်ဝေမည်ဟုဆိုသော်လည်း စာဖတ်သူများထံမှ တုန့်ပြန်ချက်အပေါ် မူတည်၍ ထပ်မံထုတ်ဝေမည့် အစောင်အသစ်တို့တွင် အရေအတွက်နှင့် ထုတ်ဝေမှု အကြိမ် အပြောင်းအလဲရှိမည်ဖြစ်ကြောင်း စိုင်းမင်းအောင်က ပြောပါ သည်။
 
“ပထမအကြိမ်ထုတ်ဝေတဲ့ ဂျာနယ်လဲဖြစ်၊ လူအင်အားနဲ့ ပြင်ဆင်မှုကလဲ အားနည်းနေတော့ အားနည်း ချက်တွေ လစ်ဟာမှု တွေ ရှိပါတယ်။ ဥပမာ နောက်ဆုံးအပ်ဒိတ်ဖြစ်တဲ့သတင်းတွေ ဒီတခေါက် မပါရပါဘူး။ နောက်အခေါက်တွေများကျရင် ကျနော်တို့ အကောင်းဆုံးဖြစ်အောင် ကြိုးစားသွားပါမယ်” ဟု ဆိုပါသည်။

သျှမ်းသံတော်ဆင့်သတင်းဌာနမှ သျှမ်းသံတော်ဆင့်ဂျာနယ်ကို အတွဲ ၁ အဖြစ် စတင်ထုတ်ဝေနေသကဲ့သို့ တဖက်ကလည်း သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် ရုံးစတင်ဖွင့်လှစ်ပြီး သတင်းအချက်အလက်စု ဆောင်းရေး ဝါသနာရှင် သျှမ်းပြည် အနယ်နယ်အရပ်ရပ်မှ လူငယ်များကိုလည်း  အခြေခံသတင်းပညာသင် တန်းပေးလျှက်ရှိသည်။