ထိုင်းရောက်သျှမ်းရွှေ့ပြောင်းအလုပ်သမားတန်းလျားသို့ ကျားဖြူဥက္ကဌသွားရောက်လေ့လာ

ထိုင်းရောက်သျှမ်းရွှေ့ပြောင်းအလုပ်သမားတန်းလျားသို့ ကျားဖြူဥက္ကဌသွားရောက်လေ့လာ
by -
သျှမ်းသံတော်ဆင့်

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့ မယ့်ဟဲ့ရပ်ကွက်ရှိ သျှမ်းရွှေ့ပြောင်းအလုပ်သမား သုံးရာခန့် စုပေါင်း နေထိုင်သည့် တန်းလျားသို့ ကျားဖြူဥက္ကဌ စိုင်းအိုက်ပေါင်း နှင့် အဖွဲ့က နိုဝင်ဘာလ ၂၄ ရက်နေ့ညနေပိုင်း၌ သွားရောက်လေ့လာခဲ့သည်။

ချင်းမိုင်မြို့ သျှမ်းရွှေ့ပြောင်းအလုပ်သမားတန်းလျားသို့ ကျားဖြူပါတီဥက္ကဌ စိုင်းအိုက်ပေါင်း သွားရောက်လေ့လာစဉ် 
ချင်းမိုင်မြို့ မယ့်ဟဲ့ရပ်ကွက် ပါပေါက်ကျေးရွာ (ချင်းမိုင်လေယာဉ်ကွင်းအနောက်ဘက်ကဲမ့်)ရှိသျှမ်းရွှေ့ပြောင်း အလုပ် သမားတန်းလျား သို့ ကျားဖြူပါတီ ဥက္ကဌ စိုင်းအိုက်ပေါင်း၊ သျှမ်းပြည်အရှေ့ပိုင်း ကျားဖြူပါတီခေါင်း ဆောင်အမည်ရ ဆရာမ ဒေါ်နန်းငွေမြ၊ မိုင်းပန်မြို့ လွှတ်တော်ကိုယ်စားလှယ် စိုင်းမိုးကြည် နှင့် စိုင်းခေးဇင့်တို့ ၁၈ ယောက်ပါ အဖွဲ့က သွားရောက်လေ့လာကာ အလုပ်သမားများနှင့်တွေ့ဆုံခဲ့ခြင်းဖြစ်သည်။
 
“အဲဒီမှာသျှမ်းပြည်တိုင်းရင်းသားအစုံ ရှိပါတယ်။ ယင်းနက် တို့ လီဆူးတို့လဲပါတယ်။ သျှမ်းလူမျိုး အများဆုံး ပေါ့။ သူတို့ သဘာဝ နေထိုင်စားသောက်နေပုံတွေကို သိချင်လို့ ကိုယ်တိုင်လာရောက်လေ့ လာတာဖြစ်တယ်။ မြန်မာနိုင်ငံသား မှတ်ပုံတင်မရှိရင်၊ အိမ်ထောင်စု စာရင်းမရှိရင် ကူညီလုပ်ဆောင်ပေးဖို့ပေါ့” - ဟု ကျားဖြူဥက္ကဌ စိုင်းအိုက်ပေါင်းက ပြောသည်။
 
စိုင်းအိုက်ပေါင်းက ရန်ကုန်ပြန်ရောက်ပါက ထိုင်းသံအမတ်များနှင့် သွားရောက်တွေ့ ဆုံမည်ဖြစ် ကြောင်း၊ ထိုင်း ရောက် သျှမ်းပြည်သား အလုပ်သမားများ တွေ့ကြုံခံစားနေရသောအခက်အခဲများ ၊ လုပ်အားခ အပြည့်အဝခံ စားခွင့်ရရေး၊  အလုပ်ရှင်မှ လူ့အခွင့်အရေးချိုးဖေါက်မှုများ မှ လွတ်ကင်းစေရေးအတွက် ကူညီဆောင်ရွက်ပေးရန် တင်ပြပေးသွားမည်ဟုလည်းပြောပါသည်။
 
“ဒီတခေါက် ကျနော် နေရာအနှံ့က သျှမ်းပြည်သားတွေနဲ့ သွားရောက်တွေ့ဆုံခွင့်မရခဲ့ဘူး။ ချင်းမိုင် တက္ကသိုလ်၊ ချင်းမိုင်အုပ်ချုပ်ရေးမှူးတို့ ဖိတ်ကြားချက်နဲ့ မကြာခင်ကျနော် ထပ်လာပါဦးမယ်။ အဲဒီအချိန်မှဘဲ ကျနော်တို့ သျှမ်းပြည်သား ရွှေ့ပြောင်းအလုပ် သမားတွေရဲ့ အခက်အခဲကိုကျယ်ကျယ်ပျံ့ပျံ့လေ့လာမယ်” - ဟု ပြောသည်။
 
သျှမ်းပြည်အရှေ့ပိုင်း ကျားဖြူခေါင်းဆောင် ဆရာမ နန်းငွေမြကလည်း  (မှတ်ပုံတင်မရှိ၊ ကားခမရှိ အစရှိ) အခက် အခဲများဖြင့် နေရပ်ပြန်မည့် သူများ တာချီလိတ် - မယ်ဆိုင် နယ်စပ်မှ နေ၍ အပြည့်အဝ ကူညီမည် ဖြစ်ကြောင်း၊ ကားခ မရှိပါက ရွှေကျားဖြူ လိုင်းကားဖြင့် သက်ဆိုင်ရာမြို့နယ်သို့  ပို့ပေးမည်ဖြစ်ကြောင်း ပြောသည်။
 
ကျားဖြူပါတီဥက္ကဌ စိုင်းအိုက်ပေါင်း သည် မြန်မာ့ငြိမ်းချမ်းရေးစင်တာ နှင့် နိပွန်ဖေါင်ဒေးရှင်းမှ ကမကထပြု သည့် “ နိုင်ငံရေးပါတီ ၁၂ ပါတီ အဆင့်မြင့်ကိုယ်စားလှယ်များ ၊ မြန်မာ့ငြိမ်းချမ်းရေးကိစ္စ အတွက် ၄ ရက်ကြာ ခရီးစဉ်ဖြင့်” ထိုင်းနိုင်ငံ ချင်းမိုင်မြို့သို့ ရောက်ရှိလာခြင်းဖြစ်သည်။

Most read this week