ထိုင်းနိုင်ငံ လမ်းပန်းမြို့တွင် သုံးနှစ်ကျော် ဂူအောင်းတရားကျင့်သော မိုင်းဖုန်းဆရာတော် ခူးဝါးဝန်းစုမ့် သည် ယခုလ ၁၅ ရက်နေ့တွင် တာချီလိတ်မြို့ရှိ ဆရာတော်၏ စံမြန်းရာကျောင်းတော်သို့ပြန်လည်ကြွချီမည်ဖြစ် သဖြင့် ဒေသခံလူထုတို့မှ စောင့်ကြိုကြ ရန်ပြင်ဆင်နေကြ ကြောင်း ကြားသိရပါသည်။
ဆရာတော် ဘဒ္ဒန္တဉာဏသံဝရ (ခူးဝါးဝုန်းစုမ့်) သည် ၁၅ ရက်နေ့၊ နံနက် ၈ နာရီ ထိုင်းနိုင်ငံမှ တာချီလိတ် မြို့သို့ ကြွချီမည်ဖြစ်ပြီး နဂါးနှစ်ကောင် ကျောင်းတိုက်တွင် ကထိန်သင်္ကန်းကပ်လှူပွဲသို့ ကြွရောက်တရား ဟောကြားမည်ဖြစ်ကြောင်း ၊ ကြိုဆိုရန် အတွက် သျှမ်းပြည် အရှေ့ပိုင်း ကျားဖြူပါတီအကြီးအကဲ ဆရာမ နန်းငွေမြက ဒေသခံလူထုအား ဦးဆောင်၍ ပြင်ဆင်မှုပြု လုပ်နေကြောင်း ဆိုပါ သည်။
“ ဆရာတော်က ၁၅ ရက်နေ့ နဂါး ၂ ကောင်ကျောင်းတိုက်မှာ ကထိန်သင်္ကန်းအလှူ တရားဟောပြီးရင် တစ်ည ကျိန်းမယ်။ ၁၆ နဲ့ ၁၇ ရက်နေ့ကျတော့ မိုင်းဖုန်းမှာရှိတဲ့ ဖရထတ် စောမ်ဟုန်ကျောင်းမှာ ကျိန်းမယ်။ ၁၈ ရက်နေ့မှ ဆရာတော်ရဲ့ကျောင်း တော်ဖြစ်တဲ့ ဖရထတ်ဆီလောန်းဟိန်း ကိုကြွချီမယ်” ဟု ဆရာတော်၏ ခရီးစဉ်အား ဆရာမနန်းငွေမြက ပြောပြသည်။
အောက်တိုဘာလနှောင်းပိုင်းက ကျားဖြူပါတီ လွှတ်တော်အမတ်များ ဆရာတော်၏ဂူသို့သွားကာ မိုင်းဖုန်းရှိကျောင်းတော် သို့ပြန်လည်ကြွချီနေထိုင်တော်မူရန် ပင့်ဆောင်ခဲ့ပါသည်။
“ ဆရာတော်က မိုင်းဖုန်းကျောင်းမှာဘဲဆက်လက်နေထိုင်သွားမှာလား။ ဘယ်လောက် အထိနေသွား မလဲဆိုတာကျမတို့လဲ မသိရသေးဘူး။ ကျမတို့ပြည်သူလူထုအနေနဲ့တော့ ဆရာတော်ဘုရားကိုဘယ်မှ မကြွချီစေချင်တော့ဘူး။ စံကျောင်းမှာဘဲပြန် လာနေစေချင်ပါတယ်” ဟုဆရာမနန်းငွေမြကပြောပါသည်။
စစ်အစိုးရခေတ် ဗိုလ်ချုပ်ခင်ညွန့် ဦးဆောင်သည် စစ်ထောက်လှမ်းရေးအဖွဲ့က ဆရာတော်အားမတရား အသင်း ဆက် သွယ်မှု၊ ပြည်ထောင်စုပြိုကွဲစေသည့် တရားတော်များ ဟောကြားမှုအစရှိ အမှုများဖြင့်စွပ်စွဲကာ ၂၀၀၄ ခုနှစ်က ဖမ်းဆီးရန် ကြိုးစားစဉ် ဆရာတော်မှာ ထိုင်းနိုင်ငံသို့ တိမ်းရှောင်ခဲ့ခြင်း ဖြစ်သည်။
ထို အချိန်မှစ၍ တခြားအရပ်သို့ကြွချီ တရားဟောခြင်း မပြုတော့ ဘဲ မိမိကျောင်းတော်တွင်သာတစ်နှစ် တစ်ကြိမ် မွေးနေ့အလှူကျင်းပခဲ့၏။ သို့သော်လည်း ၂၀၁၀ မှစ၍ လမ်းပန်း မြို့ရှိ မဟာဗောဓိဂူတွင် ဂူအောင်း တရားကျင့်ခဲ့ရာ ယနေ့တိုင် ၄ နှစ်နီးပါးရှိခဲ့ပြီးဖြစ်ပါသည်။