၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ သျှမ်းပါတီ နှစ်ခုပူးပေါင်းပေးကြရန် SNLD ပါတီ၏ ငွေရတု အခမ်းအနားသို့ တက်ရောက်လာသည့်မြို့နယ်ကိုယ်စားလှယ်များက အထက်ခေါင်းဆောင်များအား တောင်းဆိုကြသည်ဟု ဆိုသည်။
၂၀၁၃ နိုဝင်ဘာ ၉ ရက်မှ ၁၁ ရက်အထိသုံးရက်ကြာကျင်းပသည့် သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ငွေရတုပွဲ တက်ရောက်လာသည့် မြို့နယ်ကိုယ်စားလှယ် အများ အပြားက သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD နှင့် သျှမ်းတိုင်းရင်းသားများ ဒီမိုက ရက်တစ်ပါတီ SNDP တို့ ပူးပေါင်းကြရန်တောင်းဆိုခြင်းဖြစ်သည်။
“တက်ရောက်လာတဲ့ မြို့နယ်ကိုယ်စားလှယ်တွေက မိမိမြို့နယ်ကိုယ်စား လာတင်ပြရင် ပါတီပူးပေါင်း ဖို့ဘဲ တောင်းဆိုနေကြတယ်။ လူထုတောင်းဆိုချက်ကြောင့် ဥက္ကဌ ခွန်ထွန်းဦးလည်း ပါတီ ပူးပေါင်းနိုင် ဖို့ ကြိုးစားသွားမယ်လို့ ပြောဆိုသွားတယ်” - ဟု အခမ်းအနား တက်ရောက်သူ မူစယ်သား စိုင်းအိုက်ပီး ကပြောသည်။
SNLD ငွေရတုအခမ်းအနားတွင် မြန်မာပြည်တဝန်လုံးမှ တက်ရောက်သည့် လူဦးရေ တစ်ထောင် ကျော် အနက် မြို့နယ်ကိုယ်စားတက်ရောက်စကားပြောသည့် ပုဂ္ဂိုလ်ထက်ဝက်ကျော်က ထိုသို့တောင်း ဆိုခြင်း ဖြစ်သည်။
သျှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ ခေါ် ကျားဖြူပါတီ ဥက္ကဌ စိုင်းအိုက်ပေါင်းကမူ ပါတီ နှစ်ခု ပေါင်းရန်အတွက် လူဦးရေသိန်းဂဏန်းရှိသည့် မိမိပါတီအားဖျက်သိမ်းရမည်ဖြစ်သောကြောင့် ပါတီ ပေါင်း စည်းဖို့ မဖြစ်နိုင်ဟု သျှမ်းသံတော်ဆင့်သို့ပြောဖူးပါသည်။
နိုဝင်ဘာ ၁၀ ရက်နေ့ရက်စွဲဖြင့်ထုတ်ပြန်သည့် SNLD သဘောထား ၄ ချက် အနက် ပထမ အချက်တွင် သျှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ SSJAC ၏ သဘောတူညီချက်နှင့် ပါတီဝင်များ၏ တိုက် တွန်းချက်များအရ သျှမ်းနိုင်ငံရေးပါတီတခုဖြစ်သော သျှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ SNDP နှင့် ပူးပေါင်းရန် SNLD မှ ဖိတ်ခေါ်ကမ်းလှမ်းပြီးကြိုးပမ်းအကောင်အထည်ဖေါ်သွားမည်ဟု ပါရှိပါသည်။
သျှမ်းတိုင်းရင်းသားများအား ကိုယ်စားပြုသည့်ပါတီများမှာ သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD နှင့် သျှမ်းနိုင်ငံရေးပါတီတခုဖြစ်သော သျှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ SNDP အပြင် ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း အထက်ပိုင်းတို့တွင်လည်း ကျားနီပါတီအမည်ရ တိုင်းလိုင် (သျှမ်းနီ) အမျိုးသားတိုးတက်ရေးပါတီလည်း ရှိပါသေးသည်။