တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုများ ရပ်စဲရေးအတွက် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ခေါင်း ဆောင် များနှင့် ပြည်ထောင်စုငြိမ်းချမ်းရေးလုပ်ငန်းဖေါ်ဆောင်ရေးကော်မတီတို့ မြစ်ကြီးနားမြို့၌ တွေ့ဆုံဆွေးနွေး မှုမပြီးပြတ်ဘဲ ကရင်ပြည်နယ် ဘားအံမြို့၌ ဆက်လက်ကျင်းပမည်ဟု ဆိုသည်။
နိုဝင်ဘာ ၄ နှင့် ၅ ရက်ထိ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မဂျွယ်ခန်းမ၌ နှစ်ဘက်ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးပြီး သဘောတူညီချက် ၆ ချက်အား ပူးတွဲထုတ်ပြန်နိုင်ခဲ့သော်လည်း တနိုင်ငံလုံး အပစ် အခတ်ရပ်စဲရေးလက်မှတ်ရေးထိုးနိုင်ခြင်း မရှိသောကြောင့် ကရင်ပြည်နယ် ဘားအံမြို့၌ လာမည့် ဒီဇင် ဘာလအတွင်း ဆက်လက်ဆွေးနွေးနိုင်ရန် ထပ်မံချိန်းဆိုခြင်းဖြစ်သည်။
“နှစ်ဘက်စလုံးက မိမိပြင်ဆင်လာတဲ့ အချက်တွေကို အပြန်အလှန်ပေးအပ်ကြတယ်။ ဆွေးနွေးကြ တယ်။ တတိုင်းပြည်လုံး အပစ်ခတ်ရပ်ဖို့ ဒီတခေါက်မရသေးပေမယ့် အပြုသဘောဆောင်ပါတယ်” ဟု ပါဝင်တက် ရောက်သည့် ချင်းမိုင်အခြေစိုက် ပြည်ထောင်စုအင်စတီဂျူ့ မှ ဥက္ကဌ ဦးခွန်းဆေက ပြောသည်။
အသုံးအနှုန်း နှင့် ဝေါဟာရ အချို့အား ‘ဥပမာ - တော်လှန်ရေး ဆိုသည့် အသုံးအနှုန်း’ တပ်မတော် က သဘော မကျသော်လည်း ပြင်ဆင်မှု ပြုနိုင်ကြောင်း အသေးအမွှားကိစ္စများသာဖြစ်ကြောင်း ပြောပါ သည်။
မြစ်ကြီးနား သဘောတူညီချက်တွင် နိုင်ငံရေးသဘောတူညီချက်များရရှိနိုင်ရေးအတွက် - တစ်နိုင်ငံလုံး အတိုင်း အတာဖြင့် အပစ်အခတ်ရပ်စဲရေး၊ နိုင်ငံရေးတွေ့ဆုံဆွေးနွေးရေးဆိုင်ရာမူဘောင် ကိစ္စဆွေး နွေးရေး၊ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲများ ကျင်းပရေး စသည့် အချက်များပါရှိသည်။
တနိုင်ငံလုံးအပစ်ခတ်ရပ်စဲရေးအတွက် မြစ်ကြီးနား မြို့တွေ့ဆုံပွဲတွင် တိုင်းရင်းသား ခေါင်းဆောင် များနှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး လုပ်ငန်းဖေါ်ဆောင်ရေးကော်မတီမှ ဒုတိယ ဥက္ကဌ ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်း ဦးဆောင်သည့်အဖွဲ့တို့ တက်ရောက်သည့်အပြင် ကမ္ဘာ့ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူး ချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာနမ်ဘီးယား၊ တရုတ်နိုင်ငံ အာရှရေးရာ အထူးကိုယ် စားလှယ် မစ္စတာ ဝမ်ရင်ဖန်းတို့လည်း တက်ရောက်ခဲ့ကြသည်။