သျှမ်း/မြောက်ဒေသခံများ ကျန်ရှိသည့် ပိုက်လိုင်းသိမ်းပိုက်မြေလျော်ကြေး ဆက်လက်တောင်းဆိုမည်

သျှမ်း/မြောက်ဒေသခံများ ကျန်ရှိသည့် ပိုက်လိုင်းသိမ်းပိုက်မြေလျော်ကြေး ဆက်လက်တောင်းဆိုမည်
by -
သျှမ်းသံတော်ဆင့်

တရုတ်ဂက်စ်နှင့်ရေနံစိမ်းပိုက်လိုင်းသွယ်တန်းရေးစီမံကိန်းစတင်ကတည်းက နမ္မတူမြို့နယ်အတွင်းသတ်မှတ် ဧရိယာထက်ပို၍ သိမ်းပိုက်ထားသည့် လယ်ယာခြံမြေများ နစ်နာကြေးအတွက်ဆက်လက် တောင်းဆိုသွား မည်ဖြစ်ကြောင်း ဒေသခံများက ပြောသည်။

သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ် ဆိုက်ခေါင်အုပ်စုအတွင်း ဖြတ်သန်းသည့် ဂက်စ်နှင့်ရေနံပိုက်လိုင်း အတွက် သိမ်းပိုက်မြေဆုံးရှုံးခ အပြည့်အဝ မရသေးကြောင်း၊ မိမိနစ်နာဆုံးရှုံးခများ ပြန်လည်ရရှိရန် သျှမ်းပြည်ဝန်ကြီးချုပ်ထံ အကြိမ်ကြိမ်တောင်းဆိုသော်လည်း မရသေးဟုဆိုသည်။

pipeline-through-paddy-field

“အမှန်တော့ ပိုက်လိုင်းဧရိယာက ၃၀ မီတာ အတွက်ဘဲ သိမ်းမယ်လို့ပြောတယ်။ တကယ်လာသိမ်းတော့ မက ဘူး၊ တချို့နေရာမှာ မီတာ ၅၀ ကနေ မီတာ ၁၀၀ အထိတောင် သိမ်းထားတယ်” - ဟု ဆိုက်ခေါင်အုပ်စု သား စိုင်းခမ်းခင်က ပြောသည်။

ဒေသခံများသည် ဂက်စ်နှင့် ပိုက်လိုင်းဧရိယာအတွက် သိမ်းပိုက်ခံထားရသည့် မီတာ ၃၀ အတွက်ပေးလျော် ပြီးဖြစ်ကြောင်း၊ မီတာ ၃၀ ထက်ကျော်လွန်သည့် အသုံးပြုခံမြေဧရိယာများအတွက် သုံးနှစ်စာ (အပင်ဖိုး)   လျော်ကြေး  တောင်းဆိုခြင်းဖြစ်သည်။

“ကျနော်တို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင် ဆီကို သွားပြောတယ်။ သူက စွမ်းအင်ဝန်ကြီးဌာနက အဲဒီ လောက်ပဲချပေးတယ်လို့ပြောတယ်။ အဲဒီလျော်ကြေးပမာဏက ရွာသားတွေလိုတဲ့ နှုန်းထားထက် မတရား နည်းနေတယ်။ ဒါကြောင့် အရင်က ပေးတဲ့နှုန်းထားအတိုင်းပြန်ပေးဖို့ တောင်းဆိုတာဖြစ်တယ်။ မပေးရင် တော့ ငြိမ်းချမ်းစွာဆန္ဒပြတဲ့အဆင့် ဆက်လုပ်သွားမယ် ” - ဟု ယာမြေ ဆုံးရှုံးခံသူတဦးက သျှမ်းသံတော်ဆင့် သို့ ပြောသည်။

ပိုက်လိုင်းသွယ်တန်းပြီးစီးပြီး ယခုနှစ် (၂၀၁၃) ဇွန်လကုန်ပိုင်းက ရေနံ နှင့် ဂက်စ်များ စတင်ပို့လွှတ်နေပြီး ဖြစ်သည်။

အဆိုပါစီမံကိန်းစတင်ကတည်းက သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်း၊ နမ္မတူ၊ သီပေါ၊ ကျောက်မဲ၊ နောင်ချို နှင့် ပြင်ဦးလွင် အပါအဝင် ၆ မြို့နယ်ရှိ လယ်မြေ ဧက ၂၀၀၀ ကျော် ၊ သစ်တောနှင့် ဥယျဉ်ခြံမြေ၊ ကျွဲနွားစားကျက် မြေတို့ကို ဖြတ်သန်းသွားသဖြင့် ဒေသခံများစွာနစ်နာဆုံးရှုံးခဲ့သည့်အပြင် ၂၀၁၁ ခုနှစ်မှစ၍ စီမံကိန်းလမ်းကြောင်း တလျှောက် မြေတူးစက်ဖြင့် ထိုးဖျက်ခြင်း၊ မြေများစုပုံခြင်း၊ ရေလမ်း ကြောင်းများ ပိတ်ဆို့ခြင်းကြောင့် ပိုက် လိုင်း သတ်မှတ်နယ်မြေ ပေ ၁၀၀ ကိုကျော်၍ ပတ်ဝန်းကျင်အနီးရှိ သီးနှံခြံမြေများ ပျက်စီး ကြရသည် ဟု လယ်သမားများကပြောပါသည်။

ရွှေဓါတ်ငွေ့ပိုက်လိုင်း စီမံကိန်းသည် တရုတ်အမျိုးသားရေနံ ကော်ပိုရေးရှင်း(CNPC) နှင့် မြန်မာ့ရေနံနှင့် ဓါတ်ငွေ့ရောင်းဝယ် ရေး (MOGE) တို့ ပူးတွဲလုပ်ကိုင်သော လုပ်ငန်းဖြစ်ပြီး တရုတ်ပြည်သို့ အနှစ် ၃၀ ကျော်ကြာ ဓါတ်ငွေ့ နှင့် ရေနံစိမ်းရောင်းဝယ်ရေးအတွက် မြန်မာအစိုးရက အမေရိကန်ဒေါ်လာ၂၉ ဘီလီယံ လက်ကျန်အမြတ်ရရှိမည်ဟု ဆိုသည်။

Most read this week