ပြည်သူ့စစ်နှင့်အစိုးရပူးပေါင်းတပ်က သျှမ်းနှင့် ဝ တပ်စခန်းအား အမ် ရ၉ ဖြင့်ပစ်ခတ်

ပြည်သူ့စစ်နှင့်အစိုးရပူးပေါင်းတပ်က သျှမ်းနှင့် ဝ တပ်စခန်းအား အမ် ရ၉ ဖြင့်ပစ်ခတ်
by -
သျှမ်းသံတော်ဆင့်

ပြည်သူ့စစ်နှင့်အစိုးရတပ် ပူးပေါင်းအင်အားအချို့က  ထိုင်း - သျှမ်း နယ်စပ်ရှိ သျှမ်းတပ်စခန်းနှင့် ၀ တပ်စခန်းအား ရ၉ မမဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း တပ်မှူးတစ်ဦးက ပြောသည်။

အောက်တိုဘာ ၂၆ ရက် ညနေ ၅  နာရီခွဲခန့်က ဟိုမိန်းမြို့ အခြေစိုက် စစ်ဗျူဟာ လက်အောက်ခံ တပ်ရင်း ၂၈၇ ဗိုလ်မှူး ဝင်းဇော်လင်း ဦးဆောင် အင်အား ၃၀၊ ပြည်သူ့စစ်တပ်ဖွဲ့ အင်အား ၂၀ ပူးပေါင်းတပ်ဖွဲ့က ဟိုဟ တောင်ကြောရှိ သျှမ်း RCSS/SSA ၊ ဝတပ် WNA တို့၏ တပ်စခန်းအား အမ် ရ၉ (၄၀ မမ) ဖြင့် ပစ်ခတ်ခဲ့ သည်ဟုဆိုသည်။

“အမ် ရ၉ ၊ ၄၀ မမ နဲ့ပေါ့။ ကျနော်တို့ ကောင်းဆန်းတပ်စခန်းဆီကို လေးလုံးပစ်တယ်။ အဝေးကနေ လှမ်းထုပြီး ထွက်ပြေးတာ။ ကျနော်တို့မြင်နေရတာဘဲ၊ ကျနော်တို့ က အပစ်ရပ်ထားတာကို စောင့်ထိန်းတဲ့ အနေနဲ့ ပြန်မပစ်ဘူး၊ ရှေ့နည်းနည်း တက်လာရင် တော့ချရမှာ ဘဲ” - ဟု  သျှမ်းတပ်မှူးတဦးက ပြောသည်။

ပြည်သူ့စစ်ဘက်က ဒုဗိုလ်စိုင်းဆု နှင့် စိုင်းခေးလျို တို့က ဦးဆောင်ကာ မြန်မာစစ်ကြောင်းနှင့်အတူ (မယ်အောလုံအုပ်စု) ဟိုဟ  - နမ့်ဖေ့ ဘက်လာရောက်လှုပ်ရှားကြောင်း၊ ထိုင်းနိုင်ငံမယ်ဟောင်ဆောင် ခရိုင် မယ်ဟောင်ဆောင်မြို့နယ် ဘန့်ရတ်ထိုင်းကျေးရွာနှင့် မျက်နှာခြင်းဆိုင်ကြောင်း ကြားသိရသည်။

“သေနတ်သံမကြာခဏ ကြားကြားနေရတော့ ကျနော်တို့လဲ နေထိုင်ရတာ စိတ်မချမ်းသာဘူး၊ ဗမာစစ် ကြောင်းက မကြာခဏ လှုပ်ရှားလာတယ်” - ဟု ဘန့်ရတ်ထိုင်းရောက် သျှမ်းအမျိုးသား တစ်ဦးကပြောသည်။

အမည်မဖေါ်လိုသည့် ပြည်သူ့စစ်အရာရှိတစ်ဦးကလည်း ‘အထက်အမိန့်က ကောင်းဆန်းတပ်စခန်းကို တက်သိမ်းဖို့လေ။ ဒါက အနှေးနဲ့အမြန်တက်သိမ်းရမှာဘဲ။ ကျနော်တို့လဲ မလွှဲသာဘူးလေ။ ဟိုဘက်က ပြန်မပစ်တော့ ခက်နေတာ” - ဟု သျှမ်းသံတော်ဆင့်သို့ ပြော၏။

မြန်မာအစိုးရ နှင့် သျှမ်းပြည်တပ်မတော်တို့သည် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးတည်ဆောက်ထား သည့် တပ်ဖွဲ့ဖြစ်သည်။ WNA ဝ အမျိုးသားတပ်မတော်မှာမူ သျှမ်းပြည်တပ်မတော်၏ မဟာမိတ်ဖြစ်ပြီး ဟိုမိန်းဒေသတွင် ပအိုဝ်းလွတ်မြောက်ရေးတပ်မတော်တို့နှင့်အတူ ပူးတွဲနေထိုင်လျှက် ရှိသည်။

Most read this week