သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့တွင် ကျားဖြူပါတီ အကြီးအကဲ၏တူအား သတ်သည့်တရားခံများကို၊ လားရှိုးခရိုင်တရားရုံး၌ ယခုလ ၂၁ ရက်နေ့တွင် ထောင်ဒဏ်ချမှတ်ခဲ့ရာ တရားလိုဘက်က ကျေနပ်မှုမရှိ ကြောင်း သျှမ်းသံတော်ဆင့်မှ သတင်းရရှိသည်။
“ကျနော့်သားကို ဓါးနဲ့ ၂၆ ချက် မသေမချင်းသတ်တဲ့ တရားခံ ၃ ယောက်ကို အလုပ်ကြမ်းနှင့် ထောင်ဒဏ် (၁၀) နှစ်ဘဲချ မှတ်တယ်၊ မသေမချင်းလူသတ်မှုနဲ့ ပစ္စည်းလုယက်မှုပဲ၊ ရဲဆီက သေနတ်လုယူထွက်ပြေး မှုအတွက် ဘာအမိန့်မှ မချဘူး။ မူစယ်မှာရုံးထုတ်စစ်တုန်းက ရဲတယောက်တောင် သေခဲ့ရတယ်လေ” သေဆုံးသူ စိုင်းအိုက်လိန်၏ ဖခင် လုံးစိုင်းဆမ်က ပြောသည်။
လွန်ခဲ့သောဖေဖော်ဝါရီလ ရ ရက်ညပိုင်းတွင် နမ့်ခမ်းမြို့နယ် ပေါက်တိုက်ရပ်ကွက်နေ စိုင်းဆမ်(ကောင်လွန်)၊ နန်းဌေးတို့၏သား စိုင်းအိုက်လိန်အား လိဖန် (ခ) ရဲအောင်ထွေးနှင့်အပေါင်းအပါတို့က ဓါးဖြင့်ထိုးသတ်ခဲ့ပြီး နောက် တရားခံ ရဲအောင်ထွေးအား မူစယ်သို့ ပို့ဆောင်စစ်ဆေးရာတွင် ၄င်း၏ အပေါင်းအပါက လုံခြုံရေးရဲ ထံမှ သေနတ်လုယူထွက်ပြေးရာ ပစ်ခတ်မှုကြောင့် ရဲတဦးသေဆုံးခဲ့ရသည်။
ထို့နောက် တရုတ်အာဏာပိုင်များကူညီမှုဖြင့်၄င်းအား ပြန်လည် ဖမ်းဆီးရမိခဲ့ပြီး လားရှိုးအကျဉ်းထောင်သို့ ပို့ဆောင်ချုပ်နှောင် တရားစီရင်ခဲ့ရာ ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခံရခြင်းဖြစ်သည်။
“အဲ့ဒါက ဘာကြောင့်လဲ တရားခံက ပန်းဆေးပြည်သူ့စစ်ခေါင်းဆောင်ရဲ့ တူတော်စပ်နေတာကြောင့်လား၊ ဒါမှ မဟုတ် ပိုက်ဆံပေး ထားတာများလို့လား၊ တရားချမှတ်ပေးတာ လုံးဝမမျှတဘူး။ ကျနော်လုံးဝ မကျေနပ်ဘူး” ဟု သေဆုံးသူ၏ဖခင် လုံးစိုင်းဆမ်က ဆက်ပြောသည်။
အမှုရင်ဆိုင်နေရချိန်တွင် တရားခံဘက်က ရှေ့နေ (၃) ယောက်ငှား ခွင့်ရှိပြီး သက်သေများအဖြစ် လူသတ် တရားခံ၏ မိခင်၊ ဖခင် နှင့်အိမ်နီးနားချင်းဆွေမျိုးတဦးတို့ ဖြစ်ကြောင်း၊ တရားလို ဘက်မှ ရှေ့နေငှားခွင့် မရှိသကဲ့သို့ သက်သေထုတ်ခွင့်လည်း လုံးဝမရှိခဲ့ကြောင်း လုံးစိုင်းဆမ်က ဆိုသည်။
“ မသေမချင်း လူသတ်မှု ပုဒ်မ ၃၀၂ အရ ဆိုရင် ထောင်ဒဏ်(၁၀) နှစ်ကနေ တစ်သက်တစ်ကျွန်း ကျခံနိုင်ပြီး၊ ပစ္စည်းလုယက်မှုပုဒ်မ ၃၂၆ အရ ဆို ထောင်ဒဏ်မှ ၁ နှစ်မှ ၁၀ နှစ် အထိ ကျခံနိုင်တယ် လို့ ဥပဒေထဲမှာ ပါတယ်။ အခုဟာက မသေ မချင်း လူသတ်မှုနဲ့ ပစ္စည်းလုလက်မှုပေါင်းပြီး အမိန့်ချခဲ့တာ ထောင်ဒဏ် ၁၀နှစ် တဲ့။ စိတ်ကြွ ဆေး တစ်ပြား အမှုမှာတောင်မှ ထောင် ဒဏ် ရ နှစ် ကျခံရတယ်။ ငွေများတရားနိုင် ခေတ်လည်း မကုန်သေးဘူး၊ တာဝန် ကျရဲကို လက်နက် လုယက် ပစ်ခတ်တာကိုလည်း ထိန်ချန် စစ်ဆေးခဲ့တယ်” ဟု အမည်မဖော်လိုသော မူစယ်ရှေ့နေ တစ်ဦးက ပြောသည်။
လူသတ်တရားခံများဖြစ်ကြသည့် ရဲအောင်ထွေး(ခ) လိဖန်၊ အိုက်ဆမ်နှင့် အားကျိတို့သည် ပြစ်မှုကျူးလွန်ပြီး ၈ လ ကျော်အကြာတွင် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်ခံရခြင်းဖြစ်သည်။