ယခုလဆန်းပိုင်းက ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးကိစ္စကြောင့် တာချီလိတ်ခရိုင်အတွင်းရှိ တပ်ပိုင်းအရာရှိ အချို့နှင့် အပေါင်းအပါ ၁၀ ယောက်ကျော် ခေါ်ယူစစ်ဆေးခံနေရကြောင်း နီးစပ်သည့် အသိုင်းအဝိုင်းက ပြောသည်။
တာချီလိတ်ခရိုင်၊ တာလေမြို့နယ်ခွဲ မိုင်းလင်းကျေးရွာ အုပ်စု ရဲတပ်ဖွဲ့က ယခုလ ၃ ရက်နေ့တွင် ဖမ်းမိခဲ့သော မူးယစ်ဆေးဝါးကိစ္စကြောင့် ဒေသအတွင်းအခြေစိုက် ခမရ ၅၇၁ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ဇော်လင်း နှင့် ပါဝင်ပတ်သူ ၁၇ ဦးအား ကျိုင်းတုံ တြိဂံတိုင်းစစ်ဌာနချုပ်မှ ဆင့်ခေါ်ကာ စစ်ဆေးမှု ပြုလုပ် နေကြောင်းနီးစပ်သည့် အသိုင်းအဝိုင်းကပြောသည်။
လားဟူအမျိုးသား ပြည်သူ့စစ်တပ်ဖွဲ့ဝင်တစ်ဦးက - “၁၈ ရက်နေ့ လောက်တုန်းက ခေါ်သွားတယ်။ ခမရ ၅၇၂ တော့ မပါဘူး။ ၅၇၁ ရင်းမှူး နဲ့ သူ့အဆက်တွေ အားလုံး တြိဂံတိုင်း ရုံးက တိုက်ရိုက် ဆင့်ခေါ်တာ။ အားလုံးကို ဖမ်းထားတယ်လို့ ကြားတယ်” ဟု ပြောသည်။
ထို့အတူ နီးစပ်သည့်အသိုင်းအဝိုင်းတစ်ဦးကလည်း တာချီလိတ်အခြေစိုက် စစ်ဗျူဟာက ပြည်သူ့စစ်ခေါင်း ဆောင် ဦးဂျလောဘိုအား လိုအပ်သည့်အချိန်ခေါ်ယူစစ်ဆေးနိုင်ရန် ခြေချုပ်သဘောဖြင့် ခရီးဝေး သွားလာခြင်းမပြုရေး ဝန်ခံလက်မှတ်ရေးထိုးခိုင်းထားသည်ဟု ပြောသည်။
ဖေဖော်ဝါရီလကုန်ပိုင်းတွင် တာချီလိတ်အခြေစိုက် ခမရ ၃၃၁ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးဇေယျာဝင်း နှင့် ဒုတပ်ရင်းမှူးတို့သည် မူးယစ်ဆေး(တြိဂံဒေသ ဝမ့်ဆမ်ဖူးရွာ၌ ဖမ်းဆီးရမိ ရာဘဆေးပြားအစည်းပေါင်း ရ၀၀ ၊ တထုပ်လျှင် ရာဘအပြားနှစ်ထောင်၊ တစည်းလျှင်အပြားပေါင်း နှစ်သောင်း) ကိစ္စကြောင့် ပစ်ခတ်မှုဖြစ်ပွားရာ တပ်ရင်းမှူး သေဆုံးခဲ့သောကိစ္စကြောင့် တာချီလိတ် စစ်ဗျူဟာမှူးကိုလည်း တြိဂံစစ်တိုင်းရုံးက ခေါ်ယူထိန်းသိမ်းခဲ့သည်ဟု သိရသည်။
တြိဂံဒေသတွင်း မူးယစ်ရာဇာအမည်ရ စိုင်းနော်ခမ်းမရှိသော်ငြားလည်း တရုတ်အစိုးရပြောဆိုသကဲ့သို့ မူးယစ်ဆေးဝါး ပပျောက်သွားခြင်း မရှိဘဲ ပိုမို၍ပင် များပြားလာနေသေးသည်ဟု မြန်မာ့မူးယစ် အရာရှိကြီး တစ်ဦးက သျှမ်းပြည် မူးယစ်ဆေးဝါးစောင့်ကြည့်လေ့လာရေးအဖွဲ့သို့ ပြီးခဲ့သည့်ဇွန်လတွင် ပြောပြခဲ့ဖူးသည်။