သျှမ်းပြည်တောင်ပိုင်းကွန်ဟိန်းမြို့နယ်အတွင်း အစိုးရတပ်နှင့်သျှမ်းပြည်တပ်မတော် RCSS/SSA တို့ ယခု ရက်ပိုင်းအတွင်း တိုက်ပွဲများ ဆက်တိုက်ဆင်နွဲနေသောကြောင့် ဒေသခံ ရွာသူရွာသား ရာဂဏန်းခန့် စစ်ဘေး တိမ်းရှောင်နေရသည်ဟု ဒေသခံ များက ပြောသည်။
စက်တင်ဘာ ၃၀ ရက်မှ ယနေ့ အောက်တိုဘာ ၁၂ ရက်နေ့ အထိ သျှမ်းပြည်တောင်ပိုင်း ကွန်ဟိန်းမြို့ အရှေ့ တောင်ဘက် ကျိုင်းလုံး(မ်း) ဒေသဘက်၌ မိုင်းဇန်မြို့နယ်ခွဲ အခြေစိုက် အစိုးရတပ် ခမရ ၁၅၀ နှင့် ဒေသ အတွင်း အခြေချလှုပ်ရှားသော သျှမ်းပြည်တပ်မတော် RCSS(SSA) တို့ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွား နေခြင်း ဖြစ်သည်။
တိုက်ပွဲကြောင့် ကျေးလက်ဒေသခံ ကျိုင်းလုံး(မ်း)၊ ဝိန်းဖွီး၊ ဝမ်တုံ၊ လုံဝိုင်၊ နားဆော့၊ နားတီး၊ နားလေ၊ နောင်လေ၊ နားကျောက် နှင့် ပိန်းနေ ရွာသူသားများ ရာဂဏန်းခန့် စစ်ဘေးရှောင်နေရသည်ဟု ကွန်ဟိန်းမြို့ ပေါ် သို့ ရောက်ရှိသည့် ဒေသခံ စိုင်းအိုက်လူး ကပြောသည်။
“တိုက်ပွဲက ဆက်တိုက်ဘဲဗျ။ စက်တင်ဘာလကတည်းကဘဲ။ ရွာသားတစ်ဦး ပျောက်နေတယ်၊ သူ့ရဲ့ ယာခင်းနား မှာ လာတိုက် ကြတာ၊ ၁၀ ရက်နေ့ကတည်းက အခုထက်ထိ ရှာမတွေ့သေးဘူး ကျနော်တို့ ဘက်ဗမာစစ်သား မရောက်တာကြာပြီ။ အခုလာ လှုပ်ရှားတော့ တိုက်ပွဲက ဖြစ်တော့တာဘဲ” ဟု စိုင်းအိုက်လူး က ပြောသည်။
အောက်တိုဘာ ၁၀ ရက်နေ့ တိုက်ပွဲကြောင့် သျှမ်းပြည်တပ်မတော်သား နှစ်ဦးကျဆုံးကြောင်း၊ တိုက်ပွဲများ သည် အထက်ပါကျေးရွာများဝန်းကျင်တဝိုက်တွင် ဖြစ်ပွားနေကြောင်း၊ အောက်တိုဘာ ၁၂ ရက်ယနေ့ နံနက် ၁၀ နာရီမှ မွန်းလွဲ ၂ နာရီကျော်အထိ ဝိန်းဖွီးရွာအနီး တိုက်ခိုက်ကြကြောင်း၊ တိုက်ပွဲကြောင့် အသေအပျောက် စာရင်းမသိရသေးကြောင်း ရှေ့တန်းရောက် သျှမ်း ပြည်တပ်မတော် အရာရှိငယ်တစ်ဦးက ပြောသည်။
အဆိုပါဖြစ်ပွားခဲ့သောတိုက်ပွဲများကြောင့် ကျေးလက်ရွာသားများ ကွန်ဟိန်းမြို့ပေါ်၊ ကာလိမြို့နယ်ခွဲဘက်သို့ တိမ်းရှောင် သကဲ့သို့ တောဘက်သို့ ပုန်းရှောင်နေသည့် သူများလည်းရှိကြောင်း၊ တိုက်ပွဲချက်ခြင်း ရပ်တန့် ပေးရန် ဝန်ကြီးဦးအောင်မင်းထံ စာတင်ထားကြောင်း ကွန်ဟိန်းမြို့နယ် ပြည်သူ့လွှတ်တော်အမတ် နန်းဝါနုက သျှမ်းသံတော်ဆင့်အား ပြောသည်။
“အစပိုင်းက ခမရ ၁၅၀ က အင်အား ၈၀ ကျော်ဘဲ လာလှုပ်ရှားတာ။ အခုရက်ပိုင်းအတွင်း အင်အားတစ်ရာ ကျော်ထပ်လာ တယ်။ ဘယ်တပ်လဲမသိဘူး၊ ဒီတိုင်း အင်အားထပ်ဖြည့်ရင်တော့ တိုက်ပွဲအရှိန်က ထပ်မြင့် မှာဘဲ”- ဟု ဒေသအတွင်းနေ ကျားဖြူပါတီဝင် နန်းခမ်း က ပြောသည်။
သျှမ်းပြည်တပ်မတော် RCSS/SSA နှင့် မြန်မာအစိုးရတို့သည် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးသဘော တူလက်မှတ်ရေး ထိုးကြပြီးဖြစ်သော်လည်း လက်မှတ်ရေးထိုးပြီးနောက်ပိုင်း တိုက်များ ၁၃၃ ကြိမ် ထက် မနည်းဖြစ်ပွားခဲ့သောကြောင့် တပ်မတော်အကြီးအကဲနှင့် တိုက်ရိုက်ဖြေရှင်းလိုသည်ဟု RCSS/SSA ခေါင်း ဆောင် ဒုတိယ ဗိုလ်ချုပ်ကြီးယွက်စစ်က သျှမ်းတော်ဆင့်သို့ ပြောခဲ့သည်။