သျှမ်းနိုင်ငံရေးပါတီနှင့် သျှမ်းလူမှုအဖွဲ့အစည်းများစုပေါင်းပြီး သျှမ်းပြည်မြောက်ပိုင်း လူဦးရေစာရင်း ကောက်ယူ ရေး ကော်မတီကို လားရှိုးမြို့တွင်ဖွဲ့စည်းကာ လုပ်ငန်းစဉ်နှင့်တာဝန်များခွဲဝေနေပြီဖြစ်ကြောင်း သိရသည်။
စက်တင်ဘာလ ၂၈ နှင့် ၂၉ ရက်ကတွေ့ဆုံဆွေးနွေးကာ ကော်မတီဖွဲ့စည်းပြီး ခေါင်းစဉ် ၄ ခုဖြင့်ဆွေးနွေး ခဲ့ကြောင်း ၊ နိုင်ငံရေး ပါတီများနှင့် လူမှုရေးအသင်းအဖွဲ့များ၊ ဒေသတွင်းလူငယ်ထုများ စုစုပေါင်း ၃၁ ယောက် တက်ရောက်ခဲ့ကြောင်း ဆွေးနွေးပွဲတက်ရောက်ခဲ့သည့် လဲချားမြို့နယ် ကျားဖြူပါတီ ပြည်နယ်လွှတ် တော်အမတ် စိုင်းကျော်ဇေယျက ပြောသည်။
“သျှမ်းပြည်ထဲကလူဦးရေစာရင်းကောက်ယူသင့်မယ်ဆိုရင် ကော်မတီဖွဲ့မယ်၊ ရည်ရွယ်ချက်နဲ့လုပ်ငန်း စဉ်တွေချမယ်။ သျှမ်းပြည် မြောက်ပိုင်း၊ တောင်ပိုင်း၊ အရှေ့ပိုင်း ၃ ပိုင်းခွဲပြီး ကော်မတီတွေကို ရွေးချယ် ခဲ့ပါတယ်။ မြို့နယ်တိုင်းမှာလည်း ဆက်လက်ဖွဲ့စည်းသွားမယ်၊ facebook အကောင့်တခုဖွင့်ပြီး စည်းရုံးသွားမယ်” ဟု စိုင်းကျော်ဇေယျက ပြောသည်။
သျှမ်းပြည်နယ်အပြင် ကချင်ပြည်နယ် ၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းတို့က သျှမ်းများနှင့် လက်တွဲပူးပေါင်း ဆောင်ရွက်သွားရန်၊ လူမျိုးနေရာတွင် တခြားလူမျိုးနာမည်မှားထည့်ထားသူများနှင့်ဆွေးနွေး သွားရန်၊ အိမ်ထောင်စုစာရင်းနှင့် မှတ်ပုံတင်မရှိသေးသူများအား စာရင်းသွင်းပြုလုပ်ကြရန်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ သျှမ်းပြည်တိုင်းရင်းသားလူမျိုးများစာရင်း၊ ပြည်ပရောက်သျှမ်းလူမျိုးများစာရင်းပါ ကောက်ယူနိုင်ရေး အတွက် ချိတ်ဆက် ဆောင်ရွက်သွားမည်ဟု ဆိုသည်။
“ သျှမ်းလူဦးရေအမှန်အကန် ရရှိဖို့ရယ်၊ လူမျိုး ဆိုတဲ့နေရာမှာ မှားနေတာကို အမှန်ပြင်နိုင်အောင်၊ နိုင်ငံသားရ ပိုင်ခွင့်ကို အပြည့်အဝ ရရှိအောင် ၊ သျှမ်းပြည်ထဲက တိုင်းရင်းသားတွေရဲ့ စာရင်းအမှန်ရဖို့၊ ပြည်ပရောက်နေ တဲ့ သျှမ်းတွေစာရင်းထဲ ပြန်ပါလာအောင်၊ နိုင်ငံမဲ့တွေဖြစ်မသွားအောင်နဲ့ သျှမ်းပြည်ထဲက တိုင်းရင်းသား အဖွဲ့တွေနဲ့ ချိတ်ဆက်လုပ်ဆောင်သွားမယ် ” ဟု စိုင်းကျော်ဇေယျက ဆက်ပြောသည်။
အဆိုပါကော်မတီ၏ လုပ်ငန်းလည်ပတ်နိုင်ရေးအတွက် သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD က ငွေကျပ် ၁၀ သိန်းအပါ၀င် စုစုပေါင်း အလှူငွေကျပ်သိန်း ၃၀ လက်ခံရရှိထားပြီဖြစ်ကြောင်းနှင့် စေတနာရှင်များ ဆက်လက်ပေါ်ပေါက်လာပါက အလှူငွေများထပ်မံကောက်ခံသွားမည်ဖြစ်ကြောင်း ကော်မတီဝင်များက ပြောသည်။
ပြီးခဲ့သည့်စနေနေ့၌ ရန်ကုန်မြို့ရှိ သျှမ်းဘုန်းကြီးကျောင်း ၃ ခုဖြစ်သည့် ၉ မိုင်ရှိ အောင်မြေဘုံသာ သျှမ်းကျောင်း၊ ၈ မိုင်သမိုင်းလမ်းရှိ ခေမာရဌ် ကျိုင်းတုံကျောင်းတိုက်နှင့် ရွှေဂုံတိုင်ရှိ မောရွှေလီကျောင်း တိုက်များတွင်လည်း ဥပုဒ်သီတင်းစောင့်သူ သျှမ်းများထံမှ စမ်းသပ်ကောက်ခံခဲ့သော်လည်း ချိတ်ဆက်လုပ် ဆောင်မှုနှင့် လက်တွဲပူးပေါင်းဆောင်ရွက်မှု အားနည်းနေသောကြောင့် ရသင့်ရထိုက်သည့်လူဦးရေစာရင်းမရ သေးကြောင်း စေတနာ့ဝန်ထမ်းအဖြစ်လိုက်ပါသူ စိုင်းလင်းက ပြောသည်။
ရန်ကုန်တိုင်းဒေသကြီး သျှမ်းလူဦးရေစာရင်းအမှန်ကောက်ယူရေးကော်မတီအား ပြီးခဲ့သည့် ဩဂတ်စ်လ ၁၇ ရက်နေ့က ရန်ကုန်မြို့၊ကိုးမိုင်သျှမ်းကျောင်းတွင်ဖွဲ့စည်းခဲ့ရာ ဥက္ကဌ စိုင်းကျောက်တစ်၊ ဒုဥက္ကဌ စိုင်းမုခ်၊ စိုင်းယီနှင့် အတွင်းရေးမှူး နန်းဝိုးဆိုင်နှင့်နန်းစောအုံ တို့ပါဝင်သောကော်မတီဝင် ၁၁ ဦးတို့အား ရွေးချယ်ခဲ့ပြီး ဖြစ်သည်။
ကမ္ဘာ့လူဦးရေတိုးပွါးမှုမှတ်တမ်းတင်ရန် မြန်မာနိုင်ငံလူဦးရေစစ်တမ်း သန်းခေါင်စာရင်းကောက်ယူမှုကို လာမည့် ၂၀၁၄ မတ်လ ၃၀ ရက်နေ့မှ ဧပြီလ ၁၀ ရက်နေ့အထိ တစ်ပြည်လုံးအနှံ့ကောက်ခံမည်ဖြစ်ကြောင်း မြန်မာအစိုးရက ကြေငြာချက်ထုတ်ပြန်ထားသည်။